AA စစ်သုံ့ပန်းစခန်းကို စစ်တပ် အပြင်းအထန် လေကြောင်းတိုက်ခိုက်၊ စစ်တပ်အရာရှိကြီးများ အပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် သေဆုံးဟုဆို

ပုံစာ- ဗုံးဒဏ်သင့် စစ်သုံ့ပန်းများ။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က ၃နာရီခွဲခန့်ကြာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘက်အရာရှိကြီးများစွာအပါအဝင် စစ်သုံ့ပန်း ၁၁၆ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

မတ်လ၈ရက်၊နံနက်၁၁နာရီကျော်မှ မွန်းလွဲ၂နာရီ၂၈မိနစ်ခန့်အထိ စစ်တပ်က ဂျက်ဖိုက်တာ၄စင်းနှင့်Y 12 ၄စင်းတို့ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃၂ဦးလည်း ဒဏ်ရာရရှိကာ သေဆုံး၊ဒဏ်ရာရသူများထဲတွင် ပြစ်ဒဏ်ကျ အ ရပ်သားအချို့လည်း ပါဝင်ကြောင်း အာရက္ခတပ် တော်AA က ယနေ့(မတ်၁၁ရက်)သတင်းထုတ်ပြန်သည်။

“မြေပြင်တိုက်ရိုက်သတင်းမရပေမဲ့ မြေပြင်နဲ့နီးစပ်တဲ့သူတွေဆီက ပြန်ကြားရတာကတော့ အကျဉ်း သားတွေတင်မကဘူး။အဲနေရာမှာ ရှိတဲ့သူတွေလည်း ထိတယ်။သတင်းပေါက်ကြားလို့ အပြတ် သုတ် သင်တဲ့သဘောပဲ”ဟု ရန်ကုန်စာပေရပ်ဝန်းမှ ရခိုင်အမျိုးသားကြီးတစ်ဦးက MPAသို့ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် AAတပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိ၊မရှိကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

ယင်းဖြစ်စဉ်သည် ရခိုင်ဒေသ၌ စစ်တပ်၏ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံပန်း (စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ကြောင်း AAက ထုတ်ပြန်ထားသည်။

“စစ်သုံ့ပန်းဆိုတာ လက်နက်ချတာမဟုတ်ဘူး။တိုက်ပွဲမှာ တိုက်ရင်းနဲ့ ဖမ်းဆီးခံရတာ။အဲဒါကိုပဲ အရှင်မထားဘဲ အငြိုးတကြီးနဲ့ ကိုယ့်လူကိုယ် အပြတ်ရှင်းပစ်တယ်ဆိုတာ မအလရဲ့ ယုတ်မာပက် စက်တဲ့ ဗီဇပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက ပြောသည်။

စစ်သုံပန်းအလောင်းအချို့မှာ မည်သူမည်ဝါမှန်း စစ်ဆေးရန်ခက်ခဲခြင်း၊ ခန္ဓာကိုယ်အစများ တစ်စမှ မရရှိသော ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးခြင်းကြောင့် အသေးစိတ် အချက်အလက်များကို စစ်ဆေးပြီးသည့်အချိန်၌ ဆက်လက်တင်ပြသွားမည်ဟု AA က ထုတ်ပြန်သည်။

AA ဆင်နွှဲခဲ့သော ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲများတွင် ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်တပ်အရာရှိကြီးများ အပါအဝင် ထောင်နှင့်ချီသော စစ်သားများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိခဲ့သည်။