စစ်ကော်မရှင်သည် နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှုများကို အနီးကပ်ထိန်းချုပ်ရန်နှင့် နိုင်ငံရေးအတိုက်အခံများကို ဖိအားပေးရန် ရည်ရွယ်သည့် ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဤဥပဒေသစ်သည် ယခင်ဥပဒေများထက် ပိုမိုကျယ်ပြန့်သော အနက်ဖွင့်ဆိုချက်များနှင့် တင်းကျပ်သော ပြစ်ဒဏ်များ ပါဝင်လာသည်ကို တွေ့ရသည်။
ဥပဒေပညာရှင်တစ်ဦးက “ဒီဥပဒေထဲမှာ အဓိက သတိထားရမယ့်အချက်ကတော့ ‘နိုင်ငံရေးအရ အရေးပါသူများ’ (PEPs) လို့ ခေါ်တဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (တ) နဲ့ (ထ) ထဲမှာ ပြည်တွင်းပြည်ပက နိုင်ငံရေးသမားတွေတင်မကဘဲ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကိုပါ အထူးစောင့်ကြည့်ရမယ့်စာရင်းထဲ ထည့်သွင်းထားတာပါ။ ဆိုလိုတာကတော့ နိုင်ငံရေးသမားတွေတင်မကဘူး၊ သူတို့နဲ့ ပတ်သက်နေသူတွေရဲ့ ငွေကြေးလှုပ်ရှားမှုတွေကိုပါ စစ်ကော်မရှင်က အနီးကပ် ခြေရာခံတော့မယ့် သဘောပဲ ဖြစ်ပါတယ်” ဟုပြောသည်။
နိုင်ငံရေးလေ့လာသူများကမူ ဤအချက်သည် နိုင်ငံရေးသမားများ၏ ငွေကြေးထောက်တိုင်များကို ဖြတ်တောက်ရန်နှင့် ၎င်းတို့နှင့် ဆက်စပ်သူများကိုပါ ဥပဒေကြောင်းအရ ခြိမ်းခြောက်နိုင်ရန် ဖန်တီးထားခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။
အထူးသဖြင့် ၎င်းတို့နှင့် ပတ်သက်သည့် ဘဏ်စာရင်းများကို အချိန်မရွေး စစ်ဆေးခွင့်နှင့် ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခွင့်များ ပါဝင်နေသည်။
ဥပဒေပုဒ်မ ၅ တွင် ငွေကြေးခဝါချမှုနှင့် ဆက်စပ်သည့် အခြေခံပြစ်မှုပေါင်း (၂၅) မျိုးကို အသေးစိတ် ဖော်ပြထားကာ၊ ယင်းတို့တွင် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှုများသာမက အဂတိလိုက်စားမှု၊ အခွန်ရှောင်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုများပါ ပါဝင်နေသည်။
အဆိုပါပြစ်မှုများဖြင့် ရရှိလာသည့် ငွေကြေး သို့မဟုတ် ပစ္စည်းများကို ပိုင်ဆိုင်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းများကို ပြုလုပ်ပါက ငွေကြေးခဝါချမှုမြောက်ကြောင်း ပုဒ်မ ၅ (ခ) တွင် အတိအလင်း ပြဋ္ဌာန်းထားသဖြင့် ဤအချက်သည် မည်သည့်လုပ်ငန်းရှင်ကိုမဆို ဥပဒေကြောင်းအရ အချိန်မရွေး အကျပ်ကိုင်နိုင်သည့် အနေအထားဖြစ်ကြောင်း ဥပဒေပညာရှင်များက ဆိုသည်။
ထို့ပြင် ဥပဒေအရ ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများသာမက သတ်မှတ်ထားသည့် ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ (DNFBPs) ကိုလည်း တာဝန်ပေးအပ်ထားကာ၊ ယင်းတို့တွင် ကာစီနိုရုံများ၊ အိမ်ခြံမြေအကျိုးဆောင်များ၊ ရွှေဆိုင်များ၊ ရှေ့နေနှင့် စာရင်းကိုင်များကိုပါ စောင့်ကြည့်စစ်ဆေးရေးတာဝန် ပေးအပ်ထားခြင်း ဖြစ်သည်။
၎င်းလုပ်ငန်းများသည် မိမိတို့ထံ လာရောက်ဆက်သွယ်သည့် ဖောက်သည်များမှာ နိုင်ငံရေးနှင့် ပတ်သက်သူများ (PEPs) ဟုတ်မဟုတ်ကို သေချာစွာ စိစစ်ရမည်ဖြစ်သည်။ အကယ်၍ မသင်္ကာဖွယ်ရာရှိပါက ဗဟိုအဖွဲ့ ထံသို့ ချက်ချင်းသတင်းပို့ရမည်ဖြစ်ကြောင်း အခန်း (၇) တွင် ဖော်ပြထားသည်။
ဖွဲ့စည်းမည့် ဗဟိုအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကာ အဖွဲ့ဝင်များတွင် တရားဥပဒေစိုးမိုးရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ ပါဝင်မည်ဖြစ်သဖြင့် ဤအဖွဲ့သည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ကျော်လွန်သည့် လုပ်ပိုင်ခွင့်များ ရရှိသွားသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
ဤဗဟိုအဖွဲ့သည် ငွေကြေးခဝါချမှုနှင့် ဆက်စပ်နေသည်ဟု ယူဆရသော မည်သည့်ပိုင်ဆိုင်မှုကိုမဆို ယာယီတားမြစ်မိန့် သို့မဟုတ် ချိတ်ပိတ်မိန့်များကို ထုတ်ပြန်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရရှိထားသည်။ ဤလုပ်ပိုင်ခွင့်သည် သာမန်ပြည်သူများ၏ ပိုင်ဆိုင်မှုလုံခြုံရေးအပေါ် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း ဥပဒေပညာရှင်တစ်ဦးက မှတ်ချက်ပေးသည်။
ထူးခြားချက်မှာ ယခုဥပဒေတွင် ဒီဂျစ်တယ်ငွေကြေး (Virtual Asset) များကိုပါ ထည့်သွင်းကန့်သတ်ထားခြင်းဖြစ်ရာ၊ ၎င်းသည် တော်လှန်ရေးအင်အားစုများသို့ စီးဆင်းနေသည့် Crypto currency လမ်းကြောင်းများကို ပိတ်ဆို့ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
ပြစ်ဒဏ်များအနေဖြင့် ငွေကြေးခဝါချမှု ကျူးလွန်ကြောင်း ထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် (၅) နှစ်မှ အများဆုံး (၁၅) နှစ်အထိ ချမှတ်နိုင်ကြောင်း၊ ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ရရှိလာသည့် အကျိုးအမြတ်များကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်။
နိုင်ငံရေးလေ့လာသူတစ်ဦးက “ဒီဥပဒေဟာ စစ်ကော်မရှင်ကနေ အတိုက်အခံတွေရဲ့ စီးပွားရေးကို အမြစ်ပြတ်ချေမှုန်းဖို့ လုပ်ဆောင်လိုက်တဲ့ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ခုပါ” ဟု မှတ်ချက်ပြုသည်။
မိသားစုဝင်များကိုပါ စောင့်ကြည့်စာရင်းထဲ ထည့်သွင်းခြင်းမှာ တော်လှန်ရေးတွင် ပါဝင်သူများကို လူမှုရေးနှင့် စီးပွားရေးအရ အကျပ်ကိုင်ရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဥပဒေပညာရှင်များကမူ ဤဥပဒေပါ အချက်အလက်များသည် နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စံနှုန်းများကို အကြောင်းပြထားသော်လည်း လက်တွေ့တွင် အာဏာကို အလွဲသုံးစားလုပ်ရန် လမ်းဖွင့်ထားသည်ဟု သတိပေးသည်။ အထူးသဖြင့် ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်များကို မည်သို့ အယူခံဝင်ရမည်ဆိုသည့် အချက်များမှာ ရှင်းလင်းမှုမရှိကြောင်း ထောက်ပြကြသည်။
စစ်ကော်မရှင်က ထုတ်ပြန်လိုက်သည့် ၂၀၂၆ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေသည် စစ်ကော်မရှင်က ၎င်းတို့၏ အာဏာကို တရားဥပဒေအရ ခိုင်မာအောင် ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံရေးသမားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ငွေကြေးလမ်းကြောင်းမှတစ်ဆင့် ချုပ်ကိုင်ရန် ကြိုးပမ်းသည့် လက်နက်တစ်ခု ဖြစ်လာနိုင်ကြောင်း ဥပဒေပညာရှင်များနှင့် လေ့လာသူများက တညီတညွတ်တည်း သတိပေးထားသည်။
