ဟားခါးမြို့တွင် ပြည်သူကို ငွေညှစ်နေသော ရဲများ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ( ပုံဟောင်း )

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း၌ ပြည်သူကို ငွေညှစ်နေသည့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ရက်၊ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၌ ပြည်သူများ၏ ဆိုင်ကယ်များကို စစ်ဆေးကာ ငွေညှစ်နေသည့် ရဲတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Chinland Defense Force – Hakha က သတင်းထုတ်ပြန်သည်။

” ပစ်ခတ်မှုက မိနစ်ပိုင်းပဲ ကြာတယ်။ ရဲတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၂ဦးဒဏ်ရာရတယ်။ ဒဏ်ရာရ သူတွေကို ရဲစခန်းကို ပြန်ခေါ်သွားပြီးနောက် တစ်ဦးထပ်သေသွားတယ် ” ဟု CDF Hakha ဗဟို ကော်မတီဝင် အတွင်းရေးမှူးက MPA ကို ပြောသည်။

ယင်းပစ်ခတ်မှုအပြီးတွင် စစ်အုပ်စုဝင်များက မြို့တွင်းလုံခြုံရေးကို တိုးမြှင့်ထားကြောင်း သိရသည်။

” မြို့တွင်း စစ်ဆင်ရေးလုပ်ရတာတော့ တော်တော်ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုခုလုပ်တဲ့ အချိန်မှာ တုံ့ပြန်မှုကို ပြန်ချိန်ရတယ်။ ပြည်သူကြားမှာ လုပ်တဲ့အရာတွေဆိုတော့ ပိုပြီးခက်ခဲတယ်။ ရန်သူနဲ့ ပြည်သူကို ခွဲခြားဖို့လိုတယ်။ လုံခြုံရေးကလည်း စကမဘက်က အမြဲတင်းကျပ်တော့ အ တတ် နိုင်ဆုံး ကြိုးစားပြီး မစ်ရှင်ဖော်ဆောင်ရတာ ဖြစ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်သူကို မတရားနှောက်ယှက်ခြင်း၊ ငွေညစ်တောင်းခံခြင်းများ ပြုလုပ်နေသော အဖွဲ့အစည်းများကို ထပ်မံမပြုလုပ်ရန် CDF Hakha က သတိပေးထားပြီး ဆက်လက်ပြုလုပ်ပါက ထိရောက်သော အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ဟားခါးမြို့၌ ချင်းအမျိုးသားနေ့ပွဲပြုလုပ်နေစဉ် CDF Hakha ၏ ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

ရဲတပ်ဖွဲ့ဝင်များ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။