ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ငူ ( ကေတုမတီ )လေတပ်စခန်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၃ လုံး အောင်မြင်စွာ ပစ်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၂ရက်၊ ည ၁၁ နာရီ ၈မိနစ်ခန့်က တောင်ငူ ( ကေတုမတီ )လေတပ်စခန်းအတွင်းရှိ လေယာဉ်ဆီလှောင်ကန်နှင့် အခြားပစ်မှတ်များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁၃လုံးအား အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors For Myanmar က ယနေ့ ( မတ်လ ၁၃ ရက် ) သတင်းထုတ်ပြန်သည်။
” ၃နေရာခွဲပြီး ၆လုံးစီ တစ်ပြိုင်တည်း ပစ်ခဲ့ ပါတယ်။ ၅လုံး Error တက်ပြီး ၁၃လုံးကို ပစ်နိုင်ခဲ့တယ်။ ထိခိုက်မှုများတယ်လို့ သိရပါတယ်။ တပခတိုင်းမှူးအသစ် သူရဇော်လွင်စိုး အခု မနက်အစောကြီး လာစစ်ဆေးတယ်။ မနေ့က ( တိုက်လေယာဉ်များ ) လေတပ်တော်ဝင်နေတာမို့ သတင်းအစအန လုံးဝ အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန် သတိပေးတယ်။ ခုလည်း စစ်ကြောင်းထိုးခိုင်းနေပြီး မသင်္ကာ ရင် အရှင်မလိုချင်ဘူးလို့ ညွှန်ကြားတယ်” ဟု Brave Warriors For Myanmar – BWM မှ တာဝန်ရှိသူ တစ်ဦးက MPA ကို ပြောသည်။
တောင်ငူလေတပ်အတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
” ပစ်ခတ်မှုပြီးတော့ လေတပ်ကနေ လက်နက်ကြီး ၆လုံးလောက် ပြန်ပစ်တယ်။ လက်နက်ငယ်တွေနဲ့ လည်း ပစ်တယ်။ ၂ နာရီလောက်ကြာမယ်။ ကျနော်တို့ ရဲဘော်တွေအောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့ပါ တယ်။ စစ်ကြောင်းတွေကြားထဲကနေ မစ်ရှင်ဖော်ဆောင်ရတာမို့ တော်တော်လေး အန္တရာယ်များခဲ့ပါ တယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို BWM ၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces ( MKCDF )၊ Anti Coup People’s Liberation Force ( ACPLF ) တို့သည် KNLA တပ်မဟာ ၂ တပ်ရင်း ၅ နှင့်ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
ရှော့တိုက်ဒုံးပစ်ခတ်ချိန်မှ ယနေ့ ( မတ်လ ၁၃ ရက် ) နံနက် ၁၁ နာရီ ဝန်းကျင်အထိ တောင်ငူလေတပ်အတွင်း လေယာဉ်မှ အဆင်းအတက်ပြုလုပ်ခြင်းမရှိဘဲ တံတားဦးလေတပ်နှင့် မကွေးလေတပ်တို့မှသာ တိုက်လေယာဉ်နှင့် ဂျက်ဖိုက်တာတို့ အတက်အဆင်းပြုလုပ်နေကြောင်း လေကြောင်းသတင်းများ မျှဝေနေသည့် ချန်နယ်များ၏ ဖော်ပြချက်အရ သိရသည်။
