ကလေးထောင်တွင်း ကျဆုံး နိုင်ကျဉ်း၏ ရုပ်အလောင်းကို မိသားစုထံ ပြန်မပေး

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ အကျဉ်းထောင်တွင် ကျဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုး၏ ရုပ်အလောင်းကို ထောင်အာဏာပိုင်များက မိသားစုထံ ပြန်မပေးဘဲ ၎င်းတို့၏ အစီအစဉ်ဖြင့်သာ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ကလေးထောင်မှ နိုင်ငံ‌ရေးအကျဥ်းသား ကိုဝင်းမြင့်စိုးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စတင်၍ အသည်း ခြောက်ခြင်းနှင့် ရေဖျဉ်းစွဲခြင်းကို ပြင်းထန်စွာခံစားခဲ့ရပြီး ရောဂါအခြေအနေဆိုးဝါးလာသည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှသာ ကလေးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသခွင့်ရခဲ့ကြောင်း ၊ ဆေးရုံမှ ဆင်း ပြီး ထောင်သို့ ပြန်ရောက်သည့်ညတွင်ပင် အသက်ရှူကျပ်ကာ ရောဂါပြင်းထန်လာပြန်သဖြင့် ဆေးရုံ အချုပ်ဆောင်၌ ကုသမှုခံယူနေစဉ် ၂၀၂၆ ခုနှစ် ၊ မတ်လ ၁၃ ရက် နေ့လယ်တွင် ကွယ်လွန်သွား ခဲ့ကြောင်း ၊ ကိုဝင်းမြင့်စိုး၏ ရုပ်အလောင်းကို ထောင်အာဏာပိုင်များက သေမှုသေခင်းအတွက် ရဲများလာမည်ဖြစ်၍ အလောင်းပြန်ပေး၍မရကြောင်းနှင့် အလောင်းရလိုပါက တရားရုံးသို့ သွားရမည်ဟုဆိုကာ မိသားစုထံ ပြန်လည်လွှဲပြောင်းပေးခြင်း မရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က ယနေ့ (မတ်လ ၁၅ ရက်)သတင်းထုတ်ပြန်သည်။

“ပုံမှန်‌ဆိုလို့ရှိရင်တော့ အခြားအကျဉ်းထောင်က ကျဆုံးတဲ့အကျဉ်းသားတွေ ၊ နိုင်ငံရေးအကျဥ်းသား တွေဆိုလို့ရှိရင် မိသားစုဆီကို အလောင်းပြန်ပေးလိုက်တာမျိုးတွေ ရှိတယ်။ ဒါကိုတော့ ကျနော်တို့ တရားရုံးကို ဘာလို့ တင်ပြရမလဲဆိုတာကိုတော့ ကျနော်တို့ လက်ရှိမှာ စုံစမ်းနေဆဲပဲဖြစ်ပါတယ် ရှင့်”ဟု PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက MPA သို့ပြောသည်။

ကိုဝင်းမြင့်စိုး၏ ရုပ်အလောင်းကို ယနေ့(မတ်လ ၁၅ ရက်)တွင် ကလေးမြို့ ၊ ကံပုလဲသုသာန်၌ ထောင်အာဏာပိုင်များ၏ အစီအစဉ်ဖြင့် မီးသင်္ဂြိုဟ်ခဲ့ကြောင်း PPNM က စုံစမ်းသိရှိရသည်ဟု ထုတ်ပြန်ထားသည်။

ကိုဝင်းမြင့်စိုး ရောဂါစဖြစ်သည့်အချိန်တွင် ကလေးထောင်ရှိ ဆေးခန်းနှင့် ထောင်ဆေးရုံတို့၌ ကုသမှုခံယူခဲ့ရသော်လည်း ကောင်းမွန်သည့် ကုသမှုမရရှိခဲ့သလို ကလေးမြို့ ပြည်သူ့ဆေးရုံ တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ မရရှိခြင်း ၊ ရောဂါအခြေအနေ ပြင်းထန်နေသော်လည်း ဆေးရုံကြီးမှ ပြန်လွှတ်သည်ကို ထောင်က လက်ခံခဲ့ခြင်းတို့ကြောင့် ကျဆုံးခဲ့ရကြောင်း ၎င်းကမှတ်ချက်ပြုသည်။

ကိုဝင်းမြင့်စိုးသည် ၂၀၂၁ ခုနှစ် ၊ ဩဂုတ် ၁၅ ရက်တွင် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅-ကနှင့် ၃၀၂-က တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။

စာတည်း-ML

ဓာတ်ပုံ-လူမှုကွန်ရက်