ဖြူးမြို့တွင် စစ်တပ်က နေ့စဉ် လူ ခုနှစ်ယောက်ထက်မနည်းပေါ်တာဆွဲ ထွက်ပြေးသူများကို ပစ်သတ်နေ

ဓာတ်ပုံ-လူမှုကွန်ရက် ပုံစာ- စစ်ကော်မရှင်တပ်သားများ

By Zwe Ko/MPA

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက နေ့စဉ် အမျိုးသား ခုနှစ်ယောက်ထက်မနည်းပေါ်တာဆွဲဖမ်းဆီးနေပြီး ထွက်ပြေးသူများကို ပစ်သတ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဖြူးမြို့နေရာအနှံ့တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက အိမ်စီးကားများဖြင့် လှည့်လည်ကာ နေ့ရော ညပါ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း အသက် ၄၀အရွယ် ဖြူးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“နေ့တိုင်းလိုလိုဆွဲနေတာ၊ တစ်နေ့ကို ခုနှစ်ယောက်အနည်းဆုံးပဲ၊ တစ်ခါတလေဆို ၁၀ယောက်လောက်ရှိတယ်။ ကျတော်တို့ မသိတာတွေလည်းရှိမှာ၊ အိမ်စီးကားနဲ့ အုတ်ဖြတ်လမ်းပေါ် မသိမသာလေးကွယ်စောင့်နေတာ၊ ပြီးရင် ကားပေါ်ဆွဲတင်တာ၊ သူတို့ဖမ်းချင်ရင် နေရာမရွေးလိုက်ဖမ်းတာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ရက်ကလည်း ဖြူးမြို့နယ်တွင် ထမင်းထွက်ဝယ်သည့် လူငယ်နှစ်ဦးသည် စစ်တပ်ဖမ်းဆီးခြင်းကိုမခံဘဲ ထွက်ပြေးမှုကြောင့် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

“ညဘက် ထမင်းထွက်ဝယ်တာ၊ အဲ့ဒီမှာ စစ်သားတွေနဲ့တွေ့လို့ သူတို့က ဆိုင်ကယ်မောင်းပြေးတာ၊ မရပ်ပေးလို့ဆိုပြီး နှစ်ယောက်လုံး ပစ်သတ်ခံလိုက်ရတယ်။ အလောင်းကို မိသားစုကိုပြန်မပေးဘူး။ ဖြူးမြို့မှာ သင်္ဂြိုဟ်လိုက်တယ်။ ကောင်းလေးတွေက ကညွတ်ကွင်းဘက်က အသက် ၂၀ကျော်အရွယ်လေးတွေ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ တစ်ရက်ကလည်း ဖြူးမြို့ချောင်းတံတားအနီးတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကော်မရှင်တပ်က ပစ်သတ်ခဲ့သေးသည်။

ယခုကဲ့သို့ စစ်ကော်မရှင်က နေ့ရောညပါ ပေါ်တာဆွဲမှုများပြုလုပ်နေခြင်းကြောင့် ဖြူးမြို့၌ လူသွားလူလာမရှိသလောက်နည်းပါးနေပြီး စျေးရောင်းချသူများလည်း အဆင်မပြေကြောင်း ဖြူးမြို့တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

“ရှင်းဆို စျေးထဲလူကိုမရှိတာ၊ ရွာဘက်တွေကလည်း ဘယ်သူမှ တက်မလာရဲတော့ဘူး။ လူသွားလူလာမရှိတော့ စျေးရောင်းရတာ ဘယ်လိုမှ အဆင်မပြေဘူး။ လက်ဖက်ရည်ဆိုင်တွေလည်း အဲ့ဒီလိုပဲ ဆိုင်ထဲထိပါ ဝင်ဆွဲနေတော့ ဘယ်သူမှ လာမထိုင်ရဲတော့ဘူး” ဟု ၎င်းက ဆိုသည်။

ပေါ်တာဆွဲခံရသူများသည် ပြန်လည်ရွေးလိုပါက စစ်တပ်ကို အနည်းဆုံး ကျပ် သိန်း ၆၀ မှ ကျပ်သိန်း ၁၀၀ ထိပေးရပြီး မရွေးနိုင်သူများ တောင်ငူစစ်သင်တန်းကျောင်းသို့ပို့ဆောင်နေကြောင်း ဖြူးမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

“မရွေးနိုင်တဲ့သူတွေကို မြို့ပေါ် ရဲစခန်းနဲ့ ထွေအုပ်ရုံးမှာထားတယ်။ ပြီးရင် တောင်ငူခေါ်သွားပြီး စစ်သင်တန်းပေးတယ်။ ပျူစောထီးအဖွဲ့တွေက ပိုဆွဲနေတာ၊ ပြီးရင် သူတို့က ဖမ်းတဲ့လူတွေကို ပြန်ရောင်းစားတာ” ဟု ၎င်းက ပြောသည်။

လက်ရှိ ဖြူးမြို့နယ်နှင့် အနီးဝန်းကျင်ကိုသာ စစ်တပ်က စိုးမိုးထားနိုင်ပြီး ကျေးရွာအများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားခြင်းကြောင့် စစ်ကော်မရှင်က လုံခြုံရေးတင်းကျပ်ပြီး ဧည့်စာရင်းစစ်မှုကို ပိုမိုပြုလုပ်လျက်ရှိသည်။

စာတည်း-ကိုဆန်း