ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံးဟော့ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူငယ်အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၄ရက်၊ မွန်းလွဲ တစ်နာရီကျော်တွင် ဖလမ်းမြို့နယ်၊ လုံးဟော့ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦး အပါအဝင် အမျိုးသား၃ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” တံတားဦးကနေ တက်လာတဲ့ Yak-130 ဂျက်ဖိုက်တာ နဲ့ လာကြဲသွားတာ။ နေအိမ်ပေါ်ကျလို့ အိမ်ထဲမှာ ရှိနေကြတဲ့ ပြည်သူ ၃ ယောက် သေဆုံးသွားတယ်။ ခါးတို့၊ မျက်နှာတို့မှာ ဗုံးစစင်ပြီး သေတာ။ဒဏ်ရာရတဲ့သူ ၄ဦးရှိပါတယ်။ ကျားမ မသိရဘူး။ လိုင်းအခြေအနေကြောင့် စုံစမ်းလို့ မရဘူးဖြစ်နေတယ်။ ဆေးကုဖို့လည်းအခက်အခဲဖြစ်နေတယ်လို့ ကနဦးသိထားရတယ်။ လုံးဟော့က ပြည်သူတွေ စစ်ရှောင်နေကြတာ။ ဒီလူတွေက ပစ္စည်းပြန်ယူကြရင်း ထိကြတာဖြစ်နိုင်တယ် ” ဟု ဖလမ်းမြို့စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
သေဆုံးသူများမှာ Van Lian Thawng(၁၄နှစ်) ၊ Henry Kap Nei Sang(၁၇နှစ်) နှင့် Rang Lun Sang(အသက်၂၀) တို့ဖြစ်ကြောင်း သိရသည်။
” ဗုံးအမျိုးအစားတော့ မသိရဘူး။ နေအိမ်တွေတော့ ဖွာစုတ်သွားပြီး တော်တော်များများ ပျက်စီးသွား တယ်။ လုံးဟော့က ခဏခဏချခံနေရတာ။ ၈ရက်နေ့ကလည်း ဆူဆိုက်ဒရုန်းနဲ့ ချခံရသေးတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
လုံးဟော့ကျေးရွာသည် သိုင်းငင်း-ဖလမ်းကားလမ်းအနီးတွင်တည်ရှိပြီး ကလေး – သိုင်းငင်း – ဖလမ်းကားလမ်းအတိုင်း တက်လာသည့် စစ်ကြောင်းများသည် ယင်းရွာအနီးရှိ တောထဲ၌ စခန်းချလေ့ရှိကြောင်း သိရသည်။
မတ်လ ၈ ရက်ကလည်း လုံးဟော့ရွာကို စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ၁၀တန်း ကျောင်းသူသေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့သေးသည်။
ဖလမ်းမြို့နယ်တွင် စစ်တပ်၏ စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် လုံးဟော့နှင့် ဆိမ်လ်ဇောရွာအပါအဝင် ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ ၅၀၀၀ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
စာတည်း-ML
