By CNN
ရုရှားမောင်းသူမဲ့ဒရုန်းတစ်စင်း ယခုသီတင်းပတ်အတွင်း ပိုလန်လေပိုင်နက်ထဲသို့ ဝင်ရောက်လာပြီးနောက် ဥရောပ၏ အရှေ့ဘက်ခြမ်း ကာကွယ်ရေးကို အားဖြည့်ရန်အတွက် လုပ်ငန်းစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေးက သောကြာနေ့တွင် ကြေညာခဲ့သည်။
“အရှေ့ပိုင်း ကင်းစောင့်ခြင်း” စစ်ဆင်ရေးကို လာမည့်ရက်ပိုင်းအတွင်း စတင်မည်ဖြစ်ပြီး ဒိန်းမတ်၊ ပြင်သစ်၊ ယူနိုက်တက်ကင်းဒမ်း၊ ဂျာမနီနှင့် အခြားနိုင်ငံများမှ စစ်အင်အားများ ပါဝင်မည်ဟု ရုတေးက ပြောသည်။
၎င်းက “အရှေ့ပိုင်း ကင်းစောင့်ခြင်း စစ်ဆင်ရေးဟာ ကျွန်တော်တို့ရဲ့ အနေအထားကို ပြောင်းလွယ်ပြင်လွယ်နဲ့ ခွန်အားတွေ ပိုမိုဖြည့်ဆည်းပေးမှာဖြစ်ပြီး ကာကွယ်ရေး မဟာမိတ်အဖွဲ့အနေနဲ့ ကျွန်တော်တို့ဟာ အမြဲတမ်း ကာကွယ်ဖို့ အသင့်ရှိနေတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ အရှေ့ဘက်ခြမ်းတစ်လျှောက် လေထဲမှာ ရုရှားရဲ့ကျူးကျော်မှုဟာ အကြိမ်ရေ ပိုများလာပါတယ်” ဟု ရုတေးက ပြောသည်။
စစ်ဆင်ရေးတွင် တိုးမြှင့်ထားသော စွမ်းဆောင်ရည်များ၊ လေကြောင်းနှင့် မြေပြင်အခြေစိုက် ကာကွယ်ရေးများ ပေါင်းစပ်ပါဝင်မှု နှင့် နေတိုး မိတ်ဖက်များအကြား သတင်းအချက်အလက် မျှဝေမှုကို တိုးမြှင့်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း နေတိုး ၏ ဥရောပဆိုင်ရာ မဟာမိတ်တပ်များ၏ အမြင့်ဆုံးကွပ်ကဲရေးမှူး၊ အမေရိကန် ဗိုလ်ချုပ် အလက်ဇ် ဂရင်းဝစ်ချ်က ပြောကြားခဲ့သည်။
ဂရင်းဝစ်ချ်က စစ်ဆင်ရေးတစ်ခုလုံး အကောင်အထည်ပေါ်လာရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သော်လည်း ပထမအဆင့်များကို “ချက်ချင်း” စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မဟာမိတ်အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ စစ်ဆင်ရေးအတွက် ရည်ရွယ်ထားသည့် စက်ပစ္စည်းများအနက် ဒိန်းမတ်မှ F-16 တိုက်လေယာဉ်နှစ်စင်းနှင့် လေကြောင်းရန် ကာကွယ်ရေး စစ်ရေယာဉ်တစ်စင်း၊ ပြင်သစ်မှ Rafale ဂျက်လေယာဉ်သုံးစင်း၊ နှင့် ဂျာမနီမှ Eurofighter လေးစင်းတို့ ပါဝင်ကြောင်း သိရသည်။
ထိုလုပ်ငန်းစဉ်သည် ယခုနှစ်အစောပိုင်းတွင် ဘောလ်တစ်ပင်လယ်ရှိ ကေဘယ်ကြိုးများ ဖျက်ဆီးခံရမှုကို တုံ့ပြန်ရန်အတွက် နေတိုး က စတင်ခဲ့သော “ဘောလ်တစ် ကင်းစောင့်ခြင်း” စစ်ဆင်ရေးကို ပုံစံယူထားခြင်းဖြစ်သည်ဟု ဂရင်းဝစ်ချ်က ပြောသည်။
စစ်ဆင်ရေးသည် “အမြင့်ဆုံးမြောက်ပိုင်းမှသည် ပင်လယ်နက်နှင့် မြေထဲပင်လယ်အထိ” နေတိုး နိုင်ငံများ၏ အရှေ့ဘက်ခြမ်းတစ်ခုလုံးကို လွှမ်းခြုံထားမည်ဖြစ်ကြောင်း ဂရင်းဝစ်ချ်က ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လေပိုင်နက်ချိုးဖောက်မှုသည် မတော်တဆဖြစ်နိုင်သည်ဟု ပြောပြီး နာရီအနည်းငယ်အကြာတွင် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တတ်စ်ခ်က သောကြာနေ့တွင် ၎င်းတို့နိုင်ငံသို့ ရုရှားမောင်းသူမဲ့ဒရုန်း ဝင်ရောက်မှုကို “တိုက်ခိုက်မှု” ဟု ခေါ်ဆိုခဲ့ပြီး ၎င်းသည် မှားယွင်းမှုမဟုတ်ကြောင်း ပြောသည်။
