ဂန့်ဂေါမြောက်ပိုင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင်မိခင်နှင့် သမီး ပွဲချင်းပြီးသေဆုံး

ဓာတ်ပုံ - ယောအလင်းတန်း
ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူဒေသကို စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်မိခင်နှင့် သမီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၁၆ရက်၊မွန်းလွဲ တစ်နာရီခွဲခန့်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူ ( ကန် ၅ရွာ ဒေသ ) ကို စစ်တပ်က ဂျက်ဖိုက်တာ ၄ စင်းဖြင့် ပေါင် ၃၀၀ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ရှောင် ၂ဦး လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” ကျောက်ဂူဒေသဆိုတာ ဒေသခံတွေအခေါ်ပါ။ ကန်ရွာ၊ကျွန်းခုံသာ၊ တောင်ယာပြင်၊ဘော်ပြင်း၊ မောက်လင်းရွာတွေပါ။ ကန်ရွာကနေ စစ်ရှောင်လာတဲ့ပြည်သူတွေတဲနား ပေါင် ၃၀၀ ဗုံး ၂လုံးကျပြီး စစ်ရှောင်မိသားစုလိုက် ဒဏ်ရာရကြတာပါ။ အမေဖြစ်သူနဲ့ သမီးငယ်က ပွဲချင်းပြီးသေဆုံးတယ်။ အဖေဖြစ်သူက အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောတယ်။ သမီးကြီးက ခြေတစ်ဖက်ဖြတ်ရမယ့် အနေအထားပါ။ ကျန်တဲ့ဗုံးတွေက လူမရှိတဲ့တောထဲကျတာပါ ” ဟု ဂန့်ဂေါ စစ်ရေးသတင်း ရင်းမြစ် က MPA ကို ပြောသည်။

သေဆုံးသူများမှာ အသက် ၅၀ နှင့် အသက် ၁၃ နှစ်အရွယ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၅၄နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၀ အရွယ် အမျိုးသမီးတို့ဖြစ်ကြောင်း သိရသည်။

” ကာကွယ်ရေးတပ်စခန်းတစ်ခုရှိတယ်ဆိုပြီး လေကြောင်းလာပစ်တာလို့တော့ ကြားတယ်။ ဒါပေမဲ့၊ ထိတာက ပြည်သူတွေပါ။ အနားမှာ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိပါဘူး။ အပစ်ခံရတဲ့နားက စစ်ရှောင် တွေတော့ ထပ်ရွှေ့ရတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ဒဏ်ရာရရှိသူများမှာ ‌အရေးပေါ်ဆေးဝါးကုသမှုခံယူနေပြီး ဗုံးဒဏ်ကြောင့် စစ်ရှောင်တဲအချို့လည်း ပျက်စီးခဲ့သည်။

ယင်းနေ့ ညနေ ၃ နာရီ မိနစ်၄၀ခန့်ကလည်း ထီးလင်းမြို့နယ်တောင်ပိုင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။