စလင်းတွင် ကပစမီးတိုင်များပြင်ပြီး ပြန်လည်ထွက်ခွာသည့်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိအခိုက်များဟုဆို

ဓာတ်ပုံ - စလင်းမြို့နယ် ပကဖ
ပုံစာ - တိုက်ပွဲဝင် စလင်းမြို့နယ် ပကဖ ရဲဘော်များ။(ပုံဟောင်း)

မကွေးတိုင်း ၊ စလင်းမြို့နယ်တွင် ကပစ ၂၁ သို့သွယ်တန်းထားသော မီးတိုင်များပြင်ရန် ၃ လကြာ အထိုင်ချထားသည့် စစ်ကြောင်း ပြန်လည်ထွက်ခွာချိန်၌ တိုက်ခိုက်ခံရပြီး ထိခိုက်မှုများကြောင်း သိရသည်။

စလင်းမြို့နယ် ၊ တညောင်လျှပ်စစ်ဓာတ်အားခွဲရုံမှ ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၁ သို့ သွယ်တန်း ထား သော လျှပ်စစ်မီးတိုင်များကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအတွင်း တော်လှန်ရေးတပ်များက ဖျက်ဆီးခဲ့ သဖြင့် ယင်းမီးတိုင်များ ပြန်ပြင်နိုင်ရေးအတွက် စည်ဆွဲကျေးရွာတွင် အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်း ၃ လကြာ တပ်စွဲခဲ့ကြောင်း မီးတိုင်များ ပြုပြင်ပြီး၍ ပြန်လည်ထွက်ခွာစဉ် မတ်လ ၁၆ ရက် နံနက် ၉ နာရီ ဝန်းကျင်၌ စည်ဆွဲကျေးရွာအနီးတွင် လက်နက်ကြီးများဖြင့် အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ စစ်သားများ ကိုယ်လက်အင်္ဂါ ထိခိုက် ပျက်စီးမှုများရှိခဲ့ကြောင်း နယ်မြေရှင်းလင်းရေး ရာတွင်လည်း နင်းမိုင်း အလုံး ၃၀ ခန့် ရှာဖွေတွေ့ရှိခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်း ထုတ်ပြန်သည်။

“၁၆ ရက်နေ့က စည်ဆွဲကျေးရွာနားမှာပဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် အများအပြား ထိခိုက် ခဲ့ကြောင်း မျက်မြင်သက်သေများ ပြောကြားချက်အရ သိရတယ်ဗျ။ ပြန်လည်ဆုတ်ခွာ တာကတော့ ၁၆ ရက်နေ့ကတည်းက ဆိပ်ဖြူဘက်ကို ပြန်ဆုတ်သွားတယ်ဗျ။ စစ်ကြောင်းမှာ ခြေလျင်နဲ့ ယာဉ်တွေပါတယ်ဗျ”ဟု စလင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
မတ်လ ၁၅ ရက်တွင် ယင်းစစ်ကြောင်းမှ ဒဏ်ရာရလူနာများနှင့် အင်အား ၅၀ ကျော်တို့သည် ဆိပ်ဖြူမြို့ အနောက်ဘက်ရှိ သံဇလုံကျေးရွာဘက်သို့ အရင် ဆုတ်ခွာသွားကြောင်း Ayar Brother တပ်ဖွဲ့ထံက သိရသည်။

“မီးလိုင်းပြင်တဲ့ ၃ လအတွင်းက စည်ဆွဲရယ် ၊ ကန်ဆွယ်ရယ် ၊ ပြီးတော့ စန်းကလေးရယ်‌ပေါ့နော်။ အဲဒီ ၃ ရွာတော့ တပ်စွဲထားတာရှိတယ်ပေါ့နော်။ ၁၆ ရက်နေ့မှာ စကစ စစ်ကြောင်းအနေနဲ့ ခိုးထားတဲ့ ပစ္စည်းတွေက အစပေါ့နော်။ သနပ်ခါးပင်တွေ ၊ စန္ဒကူးပင်တွေပါတယ်။ နံ့သာဖြူတို့ဘာတို့ ခုတ်ယူ သွားတယ်။ ပြည်သူ နေအိမ်တွေကအစ သူတို့ ဖောက်ထွင်းပြီးယူတယ်။ ပြီးတော့ ပြည်သူနေအိမ် တွေကို မိုင်းထောင်တယ်။ ရွာထဲလမ်းတွေ ရွာအဝင်အထွက်လမ်းတွေကအစ အကုန်လုံး သူတို့နင်း မိုင်းတွေ မြှုပ်ခဲ့တယ်ပေါ့‌ဗျာ” ဟု Ayar Brother တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းစစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားသစ် ၂ ဦးကို တော်လှန်ရေးတပ်များ၏ ကင်းပွိုင့်က တွေ့သဖြင့် ခေါ်ယူထိန်းသိမ်းထားကြောင်းလည်း စလင်းမြို့နယ် ပကဖထံက သိရသည်။

“အင်အား ၃၀၀ လုံးကတော့ စလင်းနယ်ထဲ မရှိတော့ဘူးဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော် တို့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒရုန်းချတာတွေ ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ ၊ ထိတွေ့တိုက်ပွဲ ဖြစ်တာတွေကစလို့ သူတို့ဘက်က ဘက်ပြောင်းခိုလှုံတာမျိုးတွေလည်း ရှိတယ်ဗျ။ ဒါတွေကြောင့် လာတုန်းကတော့ အင်အား ၃၀၀ လောက်တော့ လာတာပေါ့။ ဒါပေမယ့် သူတို့ ပြန်ဆုတ်တဲ့အချိန်မှာ ၁၅၀ ၊ ၂၀၀ ပတ်ဝန်းကျင်လောက်ပဲ ကျန်တော့တယ်လို့ မျက်မြင်တွေ့တဲ့ ပြည်သူတွေကတော့ ပြော တယ်ဗျ”ဟု Ayar Brother တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် အဆိုပါ စစ်ကြောင်းအထိုင်နေရာသို့ ရိက္ခာလာ ပို့သည့် စစ်တပ်ယာဉ်တန်းကို လမ်းပိုင်းတစ်နေရာ၌ ကားမိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ ထိတွေ့မှု ၄၅ မိနစ် ကျော်ဖြစ်ပွားခဲ့ကာ ဆုတ်ပြေးသည့် စစ်သားများ နင်းမိုင်း နင်းမိသဖြင့် ထိခိုက်မှုအများအပြားရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုများကို စလင်းမြို့နယ် ပကဖ ၊ စလင်းမြို့နယ် ပကဖ ဇုန် ၃ ၊ မင်းဘူးခရိုင်အမှတ် တစ် တပ်ရင်း၊Ayar Brother LPDF နှင့် တော်လှန်ရေးတပ်ပေါင်းစုများက ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။