အဝေးပြေးကားခ ဈေးတက်ပြီး ခရီးသွား ကျ

ဓာတ်ပုံ-Greeting from Myanmar
အောင်မင်္ဂလာအဝေးပြေး။(ပုံဟောင်း)

အဝေးပြေးကားလက်မှတ်ဈေးနှုန်းများ မြင့်တက်သွားပြီး ခရီးသွားလည်း ကျဆင်းနေကြောင်း သိရသည်။

စက်သုံးဆီအကျပ်အတည်းနှင့် ဈေးနှုန်းမြင့်တက်နေမှုကြောင့် အဝေးပြေးယာဉ်များ၏ လက်မှတ်ခ နှုန်းထားမှာ ၂ဆကျော် မြင့်တက်ခဲ့ပြီး စက်သုံးဆီဈေး ထပ်မံမြင့်တက်လာသဖြင့် ကားခလည်း ထပ်တိုးဦးမည်ဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ ပွဲစားတစ်ဦးက ဆိုသည်။

“အခုရန်ကုန်-မန္တလေးကားခက ၅သောင်းဖြစ်သွားပြီ။၅သောင်းတက်ပြီးတော့မှပဲ ဒီဇယ်ဈေးက အခု ရန်ကုန်ဈေးတောင် တစ်လီတာကို ၄၈၀၀ကျော်ကုန်ပြီဆိုတော့ ကားခတွေလည်း လိုက်တိုးဦးမယ့်သ ဘောဖြစ်နေတယ်”ဟု ၎င်းက MPAသို့ ပြောသည်။

စက်သုံးဆီအကျပ်အတည်းဖြစ်သည့်အချိန်မှစ၍ အဝေးပြေးခရီးသွားများမှာ သိသာစွာ ကျဆင်းသွား ပြီး မသွားမဖြစ်ခရီးသည်များသာ သွားလာနေကြောင်း သိရသည်။

“ကာလဈေးတက်တော့ ခရီးသွားတိုင်းညည်းတယ်။ အရေးပေါ်တွေသာ မြန်ချင်လို့ ကားစီးတာ။ မြန် စရာမလိုတဲ့သူတွေ ရထားစီးတယ်။ လမ်းခရီးကလည်း သိတဲ့အတိုင်းပဲဆိုတော့ နဂိုကတည်းက မလို ဘဲ ခရီးမသွားကြပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

စက်သုံးဆီအကျပ်အတည်းကြောင့် စားသောက်ကုန်ဈေးနှုန်းလည်း ထိုးတက်နေပြီဖြစ်ပြီး ကားနှင့် ဆက်စပ်ပစ္စည်းများလည်း ဈေးတက်နေကြောင်း သိရသည်။

ယနေ့(မတ်၂၁ရက်)စက်သုံးဆီ ရန်ကုန်ရည်ညွှန်းဈေးမှာ ၉၂တစ်လီတာ ကျပ်၃၆၁၀၊ ၉၅တစ်လီတာ ကျပ်၃၈၅၀၊ ဒီဇယ်တစ်လီတာ ကျပ်၄၃၉၀နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ ကျပ်၄၈၂၀ ဖြစ်သည်။

စာတည်း-ML