စစ်ခေါင်းဆောင်၏ သမ္မတကြီးအိပ်မက် နီးသထက်နီးလာချိန်တွင် အောက်ခြေစစ်သည်များမှာ မိသားစုပြန်တွေ့ဆုံနိုင်ရေးမျှော်လင့်ချက် ဝေးသထက်ဝေးလာခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။
မတ်လဒုတိယပတ်အတွင်း မင်းအောင်လှိုင်တပ်ကို စွန့်ခွာကာ အလင်းဝင်လာသူများနှင့် စစ်သုံ့ပန်း ဖမ်းဆီးရမိမှုစာရင်းကို ထုတ်ပြန်ရာ၌ ပြည်သူ့ပန်းတိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြား သည်။
“ဘယ်သူသေသေ ငတေ သမ္မတဖြစ်ရင်ပြီးရော ဆိုတဲ့ စစ်အာဏာသိမ်းရည်ရွယ်ချက်ကြီး အောင် မြင်ဖို့အတွက် စတေးခဲ့ရတဲ့အသက်တွေ၊ ပြာကျခဲ့ရတဲ့အိမ်တွေ၊ စီးခဲ့ရတဲ့သွေးတွေ၊ ကျခဲ့ရတဲ့ မျက် ရည်တွေ၊ ပျက်သွားခဲ့ရတဲ့ ဘဝတွေ ဘယ်လောက်တောင် ရှိနေခဲ့ပြီလဲ”ဟုလည်း ပြည်သူ့ပန်းတိုင်က မေးခွန်းထုတ်လိုက်သည်။
မတ်လဒုတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းလာသူ စစ်မှုထမ်းတပ်သား၇ဦး၊ ရဲ၂ဦးနှင့် စစ်သုံ့ပန်းအ ဖြစ် ဖမ်းဆီးရမိသူ စစ်သား၂ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။
“စစ်တပ်ရဲ့ပြဌာန်းချက်အရဆိုရင်ရှေ့လ ဧပြီမှာ အစောဆုံးစစ်မှုထမ်းထဲပါသွားတဲ့သူတွေ သက်တမ်း၂နှစ်ပြည့်ပြီဆိုတော့ သူတို့သတ်မှတ်ထားတဲ့ သက်တမ်း၂နှစ်ပြည့်ပြီ။ဒါပေမဲ့၊အခုအချိန်ထိ သက်တမ်းပြည့်တဲ့သူတွေကို စစ်တပ်ထဲကနေ ထွက်ခွင့်ပေးဖို့ ဘာသံမှမကြားသေးဘူး။ ထွက်ခွင့်ပေး မယ်လို့လည်း မထင်ဘူး။ကိုယ့်ဘာသာ အလင်းဝင်မှပဲ ဖြစ်မှာ”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၆ ခုနှစ်၊ မတ်လ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် စစ်သုံ့ပန်း စုစုပေါင်း -၂၉၇၆ ဦးရှိကြောင်း သိရသည်။
စာတည်း-ML
