စစ်တပ်ဗုံးကြဲမှုကြောင့် အစုလိုက် အပြုံလိုက်သေဆုံးခဲ့သော ပြည်သူများကို PDF နှင့် KIA များဟု ဖြန့်နေသော သတင်းအမှား

PDF နှင့် KIA များ စခန်းချ နေထိုင်နေသည့် ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲရှင်းလင်းဟူ၍ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။

“Truth Media” တယ်လီဂရမ်ချန်နယ်က မတ်လ ၂၀ ရက် ည ၈ နာရီ ၅၅ မိနစ်တွင် ကသာမြို့၊ လေးထပ်ကျောင်း ဝန်းတွင် KIA နှင့် PDF များ စခန်းချနေထိုင်နေစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲရှင်းလင်းခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။

ဆက်လက်၍ မတ်လ ၂၁ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ကသာမြို့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုတွင် PDF နှင့် KIA များ အနည်းဆုံး ၁၀၀ ကျော် သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထပ်မံဖြန့်ဝေထားသည်။

အဆိုပါ အကြောင်းအရာများကို “ နေပြည်တော်၊ Snow Queen, Ye Yint Htet” အပြင် အခြား စစ်တပ် ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/If84L / https://archive.ph/pVrKg
နေပြည်တော် – https://archive.ph/Sn17l
Snow Queen – https://archive.ph/A5ZNx
Ye Yint Htet – https://archive.ph/gFYrE

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “ People’s Spring, မောင်း” မီဒီယာတို့က ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

သတင်းမီဒီယာများတွင် မတ်လ ၂၀ ရက်တွင် ကသာမြို့၊ ရပ်ကွက် ၃ ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းနှင့် အနီးတဝိုက်ကို စစ်တပ်က လေကြောင်းကနေ ငါးကြိမ်ထက်မနည်း ဗုံးကြဲခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင်များနှင့် ကျောင်းရှိ သံဃာများ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ၂၀ ထက်မနည်း ရှိပြီး ပြင်းထန်ဒဏ်ရာများကြောင့် ထပ်မံသေဆုံးသူ အရေအတွက် တိုးလာနိုင်သေးကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>>

People’s Spring – https://bitly.cx/WpyS
မောင်း – https://bitly.cx/IU3GN

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ကသာ စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာ ဖွေကြည့်ရာ “The Irrawaddy, Mandalay Free Press, DVB” အပါအဝင် မီဒီယာများက သတင်းရေးထား သည်။

သတင်းမီဒီယာများတွင် မတ်လ ၂၀ ရက်က စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ရှောင်များ ခိုလှုံနေသည့် ဘုန်းကြီး ကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့သောကြောင့် စစ်ရှောင်နှင့် သံဃာတော်များ အစုလိုက်အပြုံ လိုက် သေဆုံးခဲ့ကြောင်း၊ စစ်တပ် ထိန်းချုပ်ထားသည့် ဒေသဖြစ်သည့်အတွက် သေဆုံးအရေအတွက်ကို အတိ အကျမသိရသေးကြောင်း၊ မြို့ခံများ၏ ပြောကြားချက်အရ သေဆုံးသူ ၈၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိနိုင်ကြောင်း၊ ဆွမ်းစားချိန် ဗုံးကြဲခံရခြင်း ဖြစ်သည့်အတွက် ဆွမ်းလာကပ်သည့် ပြည်သူများပါ ထိခိုက် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>
The Irrawaddy – https://bitly.cx/92lpJ
Mandalay Free Press – https://bitly.cx/E4TM6
DVB – https://bitly.cx/44QRt

သုံးသပ်ချက်

ယုံကြည်စိတ်ချရသော သတင်းမီဒီယာများက ကသာမြို့ ရပ်ကွက် ၃ရှိ စစ်ရှောင်များနေထိုင်ရာ မဟာလေးထပ် ဘုန်းကြီးကျောင်းနှင့် အနီးတဝိုက်ကို စစ်တပ် ဗုံးကြဲခဲ့ကြောင်း ရေးသားဖော်ပြထားကြသည်။

ဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူများနှင့် သံဃာများ အစုလိုက် အပြုံလိုက် သေဆုံး၍ ဒဏ်ရာရရှိသူ အများ အပြားရှိကြောင်း သတင်းများအရ သိရသည်။

ထို့ကြောင့် စစ်တပ်လော်ဘီများက PDF နှင့် KIA များ သေဆုံး၍ ဖြန့်ဝေထားခြင်းသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအမှား ဖြန့်ဝေနေခြင်းသာ ဖြစ်သည်။

အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် မတ်လ ၂၁ ရက် နေ့လယ် ၃ နာရီ အချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းအဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza