ရိုမေးနီးယားနိုင်ငံလေပိုင်နက်ထဲကို ရုရှားဒရုန်းတစ်စင်း ဝင်ရောက်လာပြီးနောက် ရိုမေးနီးယားက ရုရှားကို ပြစ်တင်ရှုတ်ချခဲ့သည်။
ယူကရိန်းကို တိုက်ခိုက်ဖို့ အသုံးပြုသည့် ရုရှားဒရုန်းများသည် ဒေသစံတော်ချိန် စနေနေ့ ညနေ ၆ နာရီ ၅ မိနစ်တွင် ရိုမေးနီးယား လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အိမ်နီးချင်း ယူကရိန်းကို တိုက်ခိုက်နေစဉ်အတွင်း ရုရှားဒရုန်းတစ်စင်းသည် ရိုမေးနီးယား လေပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်းကြောင့် ရိုမေးနီးယားက တိုက်လေယာဉ်များ စေလွှတ်ခဲ့ရသည်။
ပိုလန်နိုင်ငံတွင်လည်း ၎င်းတို့၏ လေပိုင်နက်ထဲ ဝင်ရောက်လာသည့် ရုရှားဒရုန်းများကို ရက်ပိုင်းအတွင်း ပစ်ချခဲ့ပြီးသည့်နောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး NATO မဟာမိတ်များက မဟာမိတ်အဖွဲ့၏အရှေ့ဘက်ခြမ်းတွင် ကာကွယ်ရေးအပိုင်းကို အားဖြည့်သွားမည်ဟု ကတိပြုထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
မြောက်ပိုင်းတွင် လေကြောင်းကင်းလှည့်တာဝန် ထမ်းဆောင်နေသည့် F-16 တိုက်လေယာဉ်နှစ်စင်းက ဒရုန်းကို ကြားဖြတ်ဟန့်တားခဲ့ပြီး ပစ်ချရန် နီးစပ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။
F-16 တိုက်လေယာဉ်မှူးများအနေဖြင့် ပစ်ချရန် ခွင့်ပြုချက် ရရှိခဲ့သော်လည်း ဘေးထွက်ဆိုးကျိုး အန္တရာယ်များကို ဆန်းစစ်ပြီးနောက် မပစ်ချရန် ဆုံးဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဒရုန်းဟာ မိနစ် ၅၀ ခန့် ပျံသန်းနေခဲ့ပြီး Dobruja မြောက်ပိုင်းက Pardina မြို့အနီးရှိ လေပိုင်နက်မှ ယူကရိန်းဘက်ကို ထွက်ခွာသွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပေးတာမျိုး မရှိသေးပါ။
ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒဆိုင်ရာ ကိုယ်စားလှယ် Kaja Kallas က ရိုမေးနီးယားလေပိုင်နက်ကို ချိုးဖောက်မှုဟာ “အီးယူအဖွဲ့ဝင်နိုင်ငံ၏ အချုပ်အခြာအာဏာကို လက်ခံနိုင်စရာမရှိသည့် ချိုးဖောက်မှုတစ်ခု” ဖြစ်ကြောင်း ရှုတ်ချခဲ့သည်။
