DW
အမေရိကန် ဂေါက်သီးရိုက်ကစားသမား တိုက်ဂါးဝုဒ်စ် သည် မတ်လ ၂၇ ရက်ညနေပိုင်းက ဖလော်ရီဒါပြည်နယ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုအပြီး၌ မူးယစ်ဆေးဝါး သို့မဟုတ် အရက်သေစာ သောက်စား၍ မောင်းနှင်မှု (DUI) ဖြင့် တရားစွဲဆိုခံခဲ့ရပြီးနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည်။
အသက် ၅၀ အရွယ်ရှိ ဝုဒ်စ်သည် ၎င်းနေထိုင်ရာ ဂျူပီတာကျွန်း (Jupiter Island) အနီးရှိ နှစ်လမ်းသွား လမ်းမပေါ်တွင် အခြားယာဉ်တစ်စီးကို ကျော်တက်ရန် ကြိုးပမ်းစဉ် ကုန်တင်ကားတစ်စီး၏ နောက်တွဲကို တိုက်မိခဲ့ပြီးနောက် ၎င်းမောင်းနှင်လာသော Land Rover ကားမှာ တိမ်းမှောက်သွားခဲ့သည်။
အာဏာပိုင်များက ဝုဒ်စ်ကို အဆိုပါ ဖြစ်ပွားရာနေရာ၌ပင် ထိမ်းသိမ်းလိုက်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဝုဒ်စ်နှင့် ကုန်တင်ကားမောင်းသူတို့တွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း မေဂျာချန်ပီယံ ၁၅ ထပ်ကွန်းရရှိထားသူ ဝုဒ်စ်မှာ “ကောင်းစွာသတိမရှိသည့်အခြေအနေ’ တွင် ရှိနေကြောင်း ရဲအရာရှိများက ပြောကြားသည်။
ဝုဒ်စ်အား စစ်ဆေးခဲ့ရာတွင် မူးယစ်ဆေးဝါး သို့မဟုတ် ဆေးဝါးတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေးသူများက ယူဆခဲ့ကြသည်။ သို့သော် ဝုဒ်စ်က ဆီးစစ်ဆေးမှုခံယူရန် ငြင်းဆန်ခဲ့သည်။
၎င်းအား DUI အမှုအပြင် ပိုင်ဆိုင်မှု ပျက်စီးစေမှု၊ ဥပဒေအရ စစ်ဆေးမှုများကို ငြင်းဆန်မှုတို့ဖြင့်လည်း တရားစွဲဆိုထားသည်။
အခင်းဖြစ်ပွားခဲ့သည့် မာတင်ခရိုင် ရဲအရာရှိချုပ် ဂျွန် ဘူဒန်ဆိခ် က “DUI စုံစမ်းစစ်ဆေးသူတွေ အခင်းဖြစ်ပွားရာကို ရောက်ရှိလာတဲ့အခါ ဝုဒ်စ်ဟာ မူမမှန်တဲ့ အပြုအမူတွေကို ပြသခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး ဝုဒ်စ်သည် “ဆေးဝါးကြောင့် အသိစိတ်ဝေဝါးနေခြင်း” ဖြစ်နိုင်သည်ဟု ရဲအရာရှိများက ယူဆခဲ့ကြကြောင်း ပြောကြားသည်။
“သူ (ဝုဒ်စ်) က သူရရှိခဲ့ဖူးတဲ့ ဒဏ်ရာတွေနဲ့ ခွဲစိတ်မှုတွေအကြောင်း ရှင်းပြခဲ့ပြီး ကျွန်တော်တို့ဘက်ကလည်း ဒါကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အခင်းဖြစ်ပွားရာနေရာမှာ လမ်းဘေးစစ်ဆေးမှုတွေကို အသေးစိတ် လုပ်ဆောင်ခဲ့ပါတယ်။ မာတင်ခရိုင် အချုပ်ခန်းမှာရော အခင်းဖြစ်ပွားရာမှာပါ ဒီအမှုမှာ အရက်ပါဝင်ပတ်သက်မှု မရှိဘူးလို့ ကျွန်တော်တို့ ယူဆခဲ့ကြသလို တကယ်လည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်” ဟု ဘူဒန်ဆိခ်က ဆိုသည်။
“ဝုဒ်စ်ကို အသက်ရှူထုတ်လေ စစ်ဆေးရာမှာ အရက်ပါဝင်မှု လုံးဝမရှိတာ တွေ့ရပေမဲ့ ဆီးစစ်ဆေးမှုခံယူဖို့ တောင်းဆိုတဲ့အခါမှာတော့ သူက ငြင်းဆန်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ဖလော်ရီဒါပြည်နယ် ဥပဒေအရ ဝုဒ်စ်အား ချုပ်နှောင်ထားပြီး ၈ နာရီအကြာတွင် အာမခံ (Bond) ဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်သည် မကြာသေးမီနှစ်များအတွင်း ဝုဒ်စ် ပါဝင်ပတ်သက်ခဲ့သည့် တတိယအကြိမ်မြောက် ယာဉ်တိုက်မှုဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း လော့စ်အိန်ဂျလိစ်ရှိ ကမ်းခြေလမ်းမပေါ်တွင် ၎င်း၏ကားမှာ လမ်းချော်သွားခဲ့သဖြင့် ခြေထောက်နှင့် ခြေကျင်းဝတ်များတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။ ထိုစဉ်က ၎င်း၏ခြေထောက်များ ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ကြောင်း ဝုဒ်စ်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်တွင်လည်း DUI နှင့် ဆက်နွှယ်သော အမှုတစ်ခုဖြင့် ရင်ဆိုင်ခဲ့ရဖူးသည်။ ထိုစဉ်က ဝုဒ်စ်က ၎င်းသောက်သုံးခဲ့သော အကိုက်အခဲပျောက်ဆေးများ ရောနှောမှုကြောင့်ဟု အစပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် အဆင်အခြင်မဲ့ မောင်းနှင်မှု (Reckless driving) ဖြင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။
ယခုနောက်ဆုံး ယာဉ်တိုက်မှုမှာ ဝုဒ်စ်အနေဖြင့် တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
ဂေါက်သီးရိုက် ဝါသနာပါသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဝုဒ်စ်၏ ဖြစ်ရပ်နှင့် ပတ်သက်၍ “မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်၊ ဒါပဲ ကျွန်တော် သိထားပါတယ်။ စိတ်မကောင်းဖြစ်မိပါတယ်။ သူ အခက်အခဲအချို့ ရှိနေပုံရပါတယ်။ သူဟာ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ဖြစ်သလို တကယ့်ကို ထူးချွန်တဲ့သူတစ်ယောက်ပါ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
တိုက်ဂါးဝုဒ်စ်သည် ၂၀၀၉ ခုနှစ်ကလည်း ၎င်း၏ နေအိမ်ပြင်ပ၌ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ယင်းနောက်ပိုင်းတွင် ၎င်း၏ ကိုယ်ရေးကိုယ်တာ ဘဝနှင့် ပတ်သက်၍ ဖောက်ပြန်မှုများစွာ ရှိခဲ့ကြောင်း ဝန်ခံခဲ့ဖူးသည်။
