မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ ကျောမြို့အနီးတွင် ပျူစောထီးတစ်ဦးကို လက်နက်နှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယနေ့(မတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် ကျောမြို့ ပကဖ တောင်ညာမုန်တိုင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ကျောမြို့ အနောက်ဘက်ခြမ်း၌ ကင်းလှည့်နေစဉ် ကျောမြို့ လျှပ်စစ်ရုံးနှင့် ကြားစခန်းကြား၌ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် ပျူစောထီးအဖွဲ့ဝင် ပြည့်ဖြိုးအောင်ကို လက်နက်နှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း ကျောမြို့ ပကဖ က သတင်းထုတ်ပြန်သည်။
“ကျောမြို့နဲ့ မီတာ ၁၂၀၀ ကျော်လောက်ရှိပါတယ်။ သူကိုတွေ့တဲ့အချိန်မှာ ဆိုင်ကယ်ကို အရှိန်တင် မောင်းသွားတာမျိုးတော့မရှိပါဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ ကင်းလှည့်တဲ့ အချိန်တွေ့တာ ဆိုတော့ ကျနော်တို့ ရဲဘော်တွေကလည်း ဝိုင်းပြီး ဖမ်းတာပေါ့။ ပြန်ပြီးခုခံတာမျိုးတွေမရှိပါဘူး။ ဘယ်လို တာဝန်နဲ့ ဘယ်လိုလဲ ဆိုတာတော့မသိပါဘူး။ စစ်ဆေးမေးမြန်းပြီး အပြစ်ပေးတာမျိုးတွေ ပြုလုပ် သွားမှာပါခင်ဗျ။ ပျူစောထီးလုပ်တာ ကြာပြီလို့ သိရပါတယ်”ဟု ကျောမြို့ ပကဖမှ တာဝန်ရှိသူ တစ်ဦးက MPA သို့ပြောသည်။
၎င်းနှင့်အတူ သေနတ် တစ်လက် ၊ ကျည်ဘောက်တစ်ခု ၊ ကျည် ၁၄ တောင့် ၊ ဆိုင်ကယ်တစ်စီး နှင့် ဖုန်းတစ်လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ကြားစခန်းဆိုတာက ဥမင်လှိုဏ်တွေ ဖောက်တုန်းက ပစ္စည်းအစုတ်တွေထားတဲ့ နေရာပါ။ ကြား စခန်းနဲ့ လျှပ်စစ်ရုံးက မြို့ပြင်မှာပါ။ ရခ ၊ စခ တွေမရှိပါဘူးဗျ။ မြို့ထဲမှာတော့ အင်အား များတယ်ဗျ။ ရာပိုင်းကျော်လောက်တော့ရှိမယ်လို့ သိရတယ်ဗျ”ဟု ၎င်းကဆိုသည်။
ဖမ်းဆီးရမိသည့် ပျူစောထီးသည် ကျောမြို့ အမှတ်တစ်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်သည်။
စာတည်း-ML
