မြန်မာနိုင်ငံ၏ လူလတ်တန်းစားများက ချင်းမိုင်စီးပွားရေးကို အရှိန်မြှင့်တင်ပေးနေဟု ထိုင်းသတင်းဌာန ဖော်ပြ

မြန်မာအများစုလာရောက်လည်ပတ်လေ့ရှိသည့် ချင်းမိုင်ရှိ Maya စျေးဝယ်စင်တာ

By Thai PBS World’s

Surin Pitsuwan ဖောင်ဒေးရှင်း၏ သုတေသနအစီရင်ခံစာအရ မြန်မာနိုင်ငံမှ လူလတ်တန်းစား ရွှေ့ပြောင်းနေထိုင်သူအသစ်များသည် ချင်းမိုင်မြို့၏ ဝန်ဆောင်မှုကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြင့် မြို့၏စီးပွားရေးကို မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

Surin Pitsuwan ဖောင်ဒေးရှင်း၏ လေ့လာမှုအရ ၂၀၂၅ ခုနှစ် လယ်ပိုင်းအထိ မြန်မာလူလတ်တန်းစား အနည်းဆုံး ၆,၀၀၀ ခန့်သည် ချင်းမိုင်မြို့တွင် အခြေချနေထိုင်လျက်ရှိပြီး၊ ယင်းမှာ ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့် ၂၀၂၄ ခုနှစ်တွင် စစ်မှုထမ်းဥပဒေကို ကျင့်သုံးလာခြင်းတို့ကြောင့် သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။

ယခင်က ရွှေ့ပြောင်းနေထိုင်မှုပုံစံများမှာ ကျွမ်းကျင်မှုနည်းပါးသည့် အလုပ်သမားများသာ အများစုဖြစ်သော်လည်း၊ ယခုရောက်ရှိလာသူသစ်များတွင် ပညာတတ်ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ၊ ကျောင်းသားများနှင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အလုပ်လုပ်ကိုင်သူများ ပါဝင်လာသည်။ ၎င်းတို့အနက် အများစုမှာ တက္ကသိုလ်ဘွဲ့ရရှိထားသူများဖြစ်ပြီး ငွေကြေးအရင်းအနှီးနှင့် နိုင်ငံတကာအတွေ့အကြုံများကိုပါ တစ်ပါတည်း ယူဆောင်လာကြသူများဖြစ်သည်။

“ဒါဟာ ရိုးရိုးပုံမှန် အလုပ်သမားရွှေ့ပြောင်းမှုမျိုး မဟုတ်ပါဘူး” ဟု အစီရင်ခံစာက ဆိုသည်။ “ဒါဟာ တစ်ပိုင်းတစ်စ ရှင်သန်ရပ်တည်ရေးအတွက် ရွှေ့ပြောင်းရခြင်းမျိုးဖြစ်ပြီး လူတစ်ဦးချင်းစီက လုပ်ခလစာပိုရဖို့ထက် တည်ငြိမ်ပြီး ခန့်မှန်းရလွယ်ကူတဲ့ ပတ်ဝန်းကျင်ကို ရှာဖွေကြတာဖြစ်ပါတယ်။”

စစ်တမ်းကောက်ယူသူများ၏ ထက်ဝက်နီးပါးမှာ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်ကြားတွင် ရောက်ရှိလာကြသူများဖြစ်ပြီး ယင်းမှာ လူငယ်များကို ပစ်မှတ်ထားသည့် မြန်မာနိုင်ငံ၏ မဖြစ်မနေစစ်မှုထမ်းရမည့်ဥပဒေ ကျင့်သုံးသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

ချင်းမိုင်မြို့သည် မြန်မာနိုင်ငံနှင့် ပထဝီဝင်အနေအထားအရ နီးကပ်ခြင်းနှင့် ယဉ်ကျေးမှုချင်း ဆက်နွှယ်မှုရှိခြင်းတို့ကြောင့် နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းသူများအတွက် ဗဟိုချက်ဖြစ်နေသည်မှာ ကြာပြီဖြစ်ကာ ယခုအခါတွင် ပိုမိုနှစ်သက်သော ခိုလှုံရာနေရာတစ်ခု ဖြစ်လာသည်။ ပြည့်စုံသော အခြေခံအဆောက်အအုံများ၊ နိုင်ငံတကာကျောင်းများ၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် မြန်မာအသိုက်အဝန်းများ ရှိနေခြင်းတို့က မရေရာမှုများမှ ထွက်ပြေးလာသူများအတွက် နားခိုရာတစ်ခု ဖြစ်လာစေသည်။

မြန်မာရွှေ့ပြောင်းနေထိုင်သူများသည် ချင်းမိုင်ခရိုင် စုစုပေါင်းထုတ်ကုန်၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ဝန်ဆောင်မှုအခြေပြု စီးပွားရေးကဏ္ဍတွင် သိသိသာသာ ပါဝင်ပံ့ပိုးလျက်ရှိသည်။ ချင်းမိုင်မြို့၏ စီးပွားရေးတန်ဖိုးမှာ ဘတ် ၂၈၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈ ဘီလီယံ) ခန့်ရှိပြီး ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများအပေါ် များစွာမှီခိုနေရကာ ယင်းကဏ္ဍများတွင် မြန်မာနိုင်ငံသားအသစ်များ ပိုမိုတက်ကြွစွာ ပါဝင်လာကြသည်။

၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံသားပိုင် လုပ်ငန်းသစ် ၁၁၀ ကျော် တည်ထောင်ထားသည်ကို သုတေသီများက တွေ့ရှိခဲ့ပြီး အများစုမှာ အစားအသောက်နှင့် ဧည့်ဝတ်ပြုရေးလုပ်ငန်းများ ဖြစ်ကြသည်။ မြန်မာနိုင်ငံမှ ထွက်ခွာလာသူများပြားသည့် ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းသစ်ဖွင့်လှစ်မှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

အဆိုပါ လုပ်ငန်းများသည် ဒေသတွင်း၌ပင် ပြန်လည်ရင်းနှီးမြှုပ်နှံကြပြီး ဆိုင်ခန်းငှားရမ်းခ၊ အသုံးဆောင်ပစ္စည်းများနှင့် ကုန်ကြမ်းဝယ်ယူမှု အပါအဝင် လုပ်ငန်းလည်ပတ်မှုအသုံးစရိတ် ၉၅ ရာခိုင်နှုန်းကျော်မှာ ထိုင်းစီးပွားရေးထဲသို့သာ ပြန်လည်စီးဝင်သွားသည်။

မြန်မာရွှေ့ပြောင်းနေထိုင်သူများသည် အဓိကစားသုံးသူများအဖြစ်လည်း ပေါ်ထွက်လာသည်။ ပုဂ္ဂလိကဆေးရုံများ၏ ဖော်ပြချက်အရ လက်ရှိတွင် နိုင်ငံတကာလူနာများ၏ သုံးပုံတစ်ပုံအထိမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး၊ နိုင်ငံတကာကျောင်းများတွင်လည်း တစ်နှစ်လျှင် ကျောင်းလစာ ဘတ် ၅ သိန်းအထိ ပေးဆောင်ရသော မြန်မာမိသားစုဝင် ကျောင်းသားအရေအတွက် တိုးပွားလာနေသည်။

သို့သော်လည်း “Brain Waste” ဟုခေါ်သော ပညာတတ်အရင်းအမြစ်များ ဆုံးရှုံးမှုကိုလည်း အစီရင်ခံစာက ထောက်ပြထားသည်။ ယခင်က ဆရာဝန်များ၊ အင်ဂျင်နီယာများနှင့် ပညာရှင်များဖြစ်ကြသူများသည် လိုင်စင်ကန့်သတ်ချက်များကြောင့် စားသောက်ဆိုင်များ၊ လုပ်ငန်းငယ်များနှင့် အလွတ်တန်းအလုပ်များတွင်သာ ဝင်ရောက်လုပ်ကိုင်နေကြရသည်။

တစ်ချိန်တည်းမှာပင် ဥပဒေကြောင်းအရ မရေရာမှုများက တရားမဝင်စီးပွားရေးကို အားပေးသကဲ့သို့ ဖြစ်နေသည်။ အချို့သော ရွှေ့ပြောင်းနေထိုင်သူများသည် စစ်ဆေးမှုများမှ ရှောင်ရှားရန် တရားမဝင် အကာအကွယ်ပေးခ များ ပေးဆောင်နေရသလို၊ အချို့မှာမူ ဗီဇာကိစ္စရပ်များအတွက် စရိတ်ကြီးမားသော ပွဲစားများကို အားကိုးနေရသည်။

“အရင်းအနှီးတွေက အများပြည်သူအခွန်ဘဏ္ဍာထဲကို ရောက်မလာဘဲ တရားမဝင်လမ်းကြောင်းတွေထဲကို ယိုစီးနေပါတယ်” ဟု သုတေသနက ဆိုပြီး၊ ရွှေ့ပြောင်းနေထိုင်သူအများစုမှာ ဥပဒေကြောင်းအရ လုံခြုံမှုရရှိမည်ဆိုပါက တရားဝင်အခွန်များကို ပိုမိုပေးဆောင်လိုစိတ်ရှိကြောင်း ဖော်ပြထားသည်။

ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် အရာရှိများအပါအဝင် ထိုင်းနိုင်ငံမှ သက်ဆိုင်သူများက မြန်မာလူလတ်တန်းစားများကို စီးပွားရေးတည်ငြိမ်စေသူများအဖြစ် ရှုမြင်ကြသည်။ ၎င်းတို့၏ ဝယ်ယူနိုင်စွမ်းအား မြင့်မားခြင်းနှင့် မိခင်နိုင်ငံသို့ ငွေပြန်ပို့မှု နည်းပါးခြင်းတို့ကြောင့် ၎င်းတို့၏ဝင်ငွေ အများစုမှာ ထိုင်းနိုင်ငံအတွင်း၌ပင် ရှိနေခြင်းဖြစ်သည်။

ဧည့်ဝတ်ပြုရေးနှင့် အလုပ်အတူလုပ်နိုင်သော နေရာများ (co-working spaces) ကဲ့သို့သော ကဏ္ဍများတွင် မြန်မာလုပ်ငန်းရှင်များသည် ဒေသတွင်း ကုန်သွယ်မှုကွင်းဆက်များနှင့် ကောင်းမွန်စွာ ပေါင်းစည်းနိုင်ပြီး အကျိုးကျေးဇူးရှိသူများအဖြစ် ရှုမြင်ခံရသည်။

ထိုင်းနိုင်ငံသည် ရေရှည်တွင် အလုပ်သမားရှားပါးမှုနှင့် ရင်ဆိုင်နေရသောကြောင့် ယခုကဲ့သို့သော လမ်းကြောင်းကို အသိပညာအခြေပြုစီးပွားရေးသို့ ကူးပြောင်းရာတွင် အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချသင့်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံသည် ၂၀၆၀ ခုနှစ်တွင် အလုပ်အကိုင်နေရာလွတ် ၁၄.၄ သန်းအထိ ရှိလာနိုင်သဖြင့် ရွှေ့ပြောင်းလုပ်သားများအပေါ် မှီခိုမှု ပိုမိုမြင့်မားလာမည်ဖြစ်သည်။

အကျိုးကျေးဇူးများကို အမြင့်ဆုံးရရှိစေရန်အတွက် ဗီဇာလမ်းကြောင်းများကို လိုက်လျောညီထွေဖြစ်စေခြင်း၊ နိုင်ငံခြားပညာအရည်အချင်းများကို အသိအမှတ်ပြုခြင်း၊ လုပ်ငန်းစည်းမျဉ်းများကို ရိုးရှင်းစေခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အားကောင်းစေခြင်း စသည့် မူဝါဒပြုပြင်ပြောင်းလဲမှုများကို သုေသီများက အကြံပြုထားသည်။

ထို့ပြင် ရွှေ့ပြောင်းနေထိုင်သူများ၏ နိုင်ငံတကာကွန်ရက်များကို အသုံးချကာ ချင်းမိုင်မြို့ကို နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုနှင့် ပညာရေးအတွက် ဒေသတွင်းဗဟိုချက်အဖြစ် တည်ဆောက်ရန်လည်း အကြံပြုထားသည်။

“အကယ်၍ ထိရောက်စွာ ပေါင်းစည်းနိုင်မည်ဆိုပါက ယခုနေရပ်စွန့်ခွာလာရသော လူဦးရေသည် ထိုင်းနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်သည်” ဟု အစီရင်ခံစာက နိဂုံးချုပ်ထားသည်။

လက်ရှိအချိန်တွင် ချင်းမိုင်မြို့သည် ခိုလှုံရာနေရာတစ်ခုအဖြစ်ရော၊ စီးပွားရေးမောင်းနှင်အားတစ်ခုအဖြစ်ပါ ဆက်လက်တည်ရှိနေပြီး နယ်စပ်တစ်ဖက်ခြမ်းရှိ နိုင်ငံရေးလှုပ်ခတ်မှုများက ထိုင်းမြို့လေးတစ်မြို့၏ အနာဂတ်ကို တိတ်တဆိတ် ပုံဖော်လျက်ရှိသည်။