၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှု အပြည့်အစုံကို မှန်ကန်စွာ မှတ်တမ်းတင်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက သတင်းထုတ်ပြန်ထားသည်။
၆၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် ယူကေအစိုးရသည် ဆုံးဖြတ်ချက် L.24/Rev.1 ကို ပူးတွဲထောက်ခံအဆိုပြုထားကြောင်းအဆိုပါဆုံးဖြတ်ချက်တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအပြည့်အစုံကို မှန်ကန်စွာ မှတ်တမ်းတင်ဖော်ပြထားကြောင်း ဗြိတိန်သံရုံးက ဧပြီတစ်ရက်၌ ထုတ်ပြန်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ယူကေနိုင်ငံ သံအမတ် Eleanor Sanders က“မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေဟာ အလွန် ဆိုးရွားပြီး အရေးပေါ် အခြေအနေများထဲမှ တစ်ခုအဖြစ် ကျမတို့ရဲ့ လုပ်ငန်းစဥ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ဒီအခြေအနေကို လျစ်လျူရှုထားလို့ မရပါဘူး”ဟုပြောကြောင်း ဗြိတိန်သံရုံးက ဖော်ပြသည်။
ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် နေရပ်စွန့်ခွာရ သူများအတွက် အကာအကွယ်ပေးသည့် နေရာများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းအာဆီယံအဖွဲ့၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အလျင်အမြန်အကောင်အထည်ဖော်ရေး နှင့် အာဆီယံနှင့် ကုလသမဂ္ဂတို့အကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုက်တွန်းထားသည့် အဆိုပါဆုံးဖြတ်ချက်၏ အလေးပေးချက်ကို ယူကေအစိုးရအနေဖြင့် အပြည့်အဝ ထောက်ခံကြောင်း လည်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-Indaw Revolution
ပုံစာ- မတ်လ၂၀ရက်က ကသာမြို့၊မဟာလေးထပ်ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု။
စာတည်း-ML
