ရည်းစားရှိသည့် ကောင်မလေးနှင့် ပတ်သက်ခဲ့သည့် အသက် ၈၀ အရွယ် စင်ကာပူနိုင်ငံသား အင်ဒိုနီးရှားတွင် လုပ်ကြံသတ်ဖြတ်ခံရ

CNA

အင်ဒိုနီးရှားနိုင်ငံ၊ ဗဟိုဂျာဗားကျွန်းရှိ မြစ်တစ်စင်းအတွင်း အသက် ၈၀ အရွယ် စင်ကာပူအမျိုးသားသားတစ်ဦး၏ အလောင်းကို ရဲများက တွေ့ရှိပြီးနောက် စုံစမ်းဖော်ထုတ်မှုတွင် အဆိုပါ အမျိုးသားသည် ရည်းစားရှိသည့် ကောင်မလေးတစ်ဦးနှင့် ပတ်သက်ခဲ့သဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

စီယက် ဆာလက် အဝဒ်ဆိုသူ အမျိုးသား၏ အလောင်းကို ဖေဖော်ဝါရီ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် အင်ဒိုနီးရှား မြစ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းတွေ့ရှိခဲ့ရသည့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားပြီး လုပ်ကြံမှုကို အဓိကစီစဉ်သည့် သံသယရှိသူမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။

သူက လီနာဆိုသူ မိန်းကလေး၏ ချစ်သူဖြစ်ကြောင်း အင်ဒိုနီးရှားရဲမှူးကြီး ဘူဒီ အာဒီ ဘူအိုနိုက ပြောကြားသည်။

“ကျွန်တော်တို့ သက်သေ ငါးဦးကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲ့ဒီအပေါ် အခြေခံပြီး ကျွန်တော်တို့ စုဆောင်းရရှိတဲ့ သက်သေအထောက်အထားတွေအရ H နှင့် K ဟု အမည်ရသည့် သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်” ဟု မတ်လ ၂၇ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘူဒီက ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်အရွယ် သံသယရှိသူနှစ်ဦးစလုံးမှာ အနောက်ဂျာဗားရှိ ပန်ဂန်ဒါရန်မှ ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှုမှာ ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၇ နာရီခွဲခန့်က အနောက်ဂျာဗား၊ ဆူကာဘူမီ ရှိ Bumi Mutiara Indah အိမ်ရာဝင်းအတွင်းမှ အငှားအိမ်တစ်လုံး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခုအသတ်ခံရသူဟာ ရည်းစားရှိပြီးသားဖြစ်တဲ့ လီနာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရင်းနှီးနေခဲ့တာပါ” ဟု ရဲမှူးကြီး ဘူဒီက ပြောသည်။

လီနာ၏ ရည်းစားဖြစ်သူ A သည် အဓိကကြိုးကိုင်သူဟု စွပ်စွဲခံထားရပြီး လွတ်မြောက်နေဆဲဖြစ်သည်။

“အလိုရှိနေတဲ့ သံသယရှိသူကပဲ ဒီလုပ်ကြံသတ်ဖြတ်မှုကို စီစဉ်ခဲ့တာပါ” ဟု ဘူဒီက ဆိုသည်။

ယခုဖမ်းဆီးထားသူ နှစ်ဦးအနက် H က စီယက် ဆာလက်၏ လည်ပင်းကို တစ်မီတာရှည်သော ဝါးလုံးဖြင့် နှစ်ချက်ရိုက်ခဲ့ရာတွင် အော်ဟစ်နိုင်ခြင်းမရှိစေ၇◌န် K က သေဆုံးသူ၏ ပါးစပ်ကို ပိတ်ထားခဲ့သည်။

ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး လုပ်သားများဖြစ်ကြသည့် H နှင့် K တို့ကို မတ်လ ၂၅ ရက်၊ ည ၉ နာရီခန့်တွင် ဖမ်းဆီးခဲ့သည်။

အသတ်ခံရသူ စီယက် ဆာလက်သည် ဆူကာဘူမီသို့ တိုင်းရင်းဆေးကုသမှု ခံယူရန် အကြိမ်ကြိမ် သွားရောက်လေ့ရှိပြီး ထိုအချိန်တွင် မိန်းကလေးလီနာနှင့် သိကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လီနာရဲ့ မိဘတွေက ဒီအဘိုးကြီးကို သိတယ်။ သူဆူကာဘူမီမှာ ကုသမှုခံယူတဲ့အခါ သူတို့နဲ့ မကြာခဏ တွေ့ဆုံလေ့ရှိပါတယ်” ဟု ရဲမှူးကြီးက ပြောသည်။

သတ်ဖြတ်ခံရသည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် စီယက် ဆာလက်သည် လီနာနှင့် တွေ့ဆုံရန် ဂျကာတာမှ ကီလိုမီတာ ၁၀၈ ခန့်ကွာဝေးသော ဆူကာဘူမီသို့ Toyota Raize အပြာရောင်ကားဖြင့် သွားရောက်ခဲ့ပြီး ၎င်းအား ခေါ်လိုက်သည့် အိမ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

“သေသွားတဲ့သူနဲ့ သူတို့က သိကျွမ်းနေတဲ့အတွက် အငှားအိမ်ကို ဖိတ်ခေါ်ခဲ့တာပါ။ အဲ့ဒီမှာပဲ သူသတ်ဖြတ်ခံခဲ့ရတာ။ ဒီအဘိုးကြီးကို သတ်ဖြတ်တော့မယ်ဆိုတာ လီနာကတော့ မသိခဲ့ပါဘူး” ဟု ရဲအရာရှိက ဆိုသည်။

ယခုအခါ H နှင့် K တို့ကို အင်ဒိုနီးရှား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၅၉ (ကြိုတင်ကြံစည် သတ်ဖြတ်မှု) ဖြင့် တရားစွဲဆိုထားရာ သေဒဏ်၊ တစ်သက် သို့မဟုတ် ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်း သိရသည်။