အရှေ့တောင်အာရှရှိ အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည့် အရှေ့တီမောတွင် လွှတ်တော်အမတ်များအတွက် ကားအသစ်များ ဝယ်ယူရန် အစီအစဉ်ကို ကန့်ကွက်သည့် ဆန္ဒပြသူများကို ရဲများက စက်တင်ဘာ ၁၅ ရက်တွင် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။
တက္ကသိုလ်ကျောင်းသားအများစုပါဝင်သည့် ဆန္ဒပြမှုတွင် လူ ၁၀၀၀ ကျော်ပါဝင်ခဲ့ပြီး မြို့တော် ဒီလီ ရှိ အမျိုးသားလွှတ်တော်အနီးတွင် စုဝေးခဲ့ကြကာ လွန်ခဲ့သည့်နှစ်က အတည်ပြုခဲ့သော လွှတ်တော်အမတ် ၆၅ ဦးစီအတွက် ကားအသစ်များဝယ်ယူရန် အစီအစဉ်ကို ကန့်ကွက်ခဲ့ကြသည်။
ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ သယံဇာတအပေါ် မှီခိုနေရသော အရှေ့တီမောနိုင်ငံ၏ လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်သည် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် နေထိုင်နေကြရသည်။
ဒီလီမြို့အခြေစိုက် ပုဂ္ဂလိကတက္ကသိုလ်ဖြစ်သော Universidade da Paz မှ ကျောင်းသားတစ်ဦးဖြစ်သည့် လီယိုနီတိုကာဗာလိုက “ လွှတ်တော်အမတ်တွေအနေနဲ့ မိမိတို့ ကျင့်ဝတ်ကို မြှင့်တင်ဖို့တွက် (Toyota) Prado တွေကို ဝယ်ယူမယ့် ဆုံးဖြတ်ချက်ကို ဖျက်သိမ်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ ဒီနေရာမှာပဲ ဆက်ပြီးဆန္ဒပြနေမှာပါ” ဟု ပြောကြားခဲ့သည်။
ဆန္ဒပြပွဲသည် ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း ဆန္ဒပြသူအချို့က လွှတ်တော်ဘက်သို့ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ကားအချို့ ပျက်စီးခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
ဆန္ဒပြသူ ၄ ဦးထက်မနည်းသည် မျက်ရည်ယိုဗုံးဒဏ်ရာရရှိခဲ့ပြီး အနီးအနားရှိ ကျန်းမာရေးဌာနသို့ ပို့ဆောင်ခဲ့ကြောင်း AFP သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။
အမျိုးသားရဲတပ်ဖွဲ့ အရာရှိ ဂျက်စတီနိုမင်နက်ဇ်က ပျက်စီးဆုံးရှုံးမှုများအတွက် တာဝန်ယူမှု တောင်းဆိုရန် ဆန္ဒပြပွဲ စီစဉ်သူများကို ဆင့်ခေါ်မည်ဟု ပြောကြားခဲ့သည်။
လွှတ်တော်အမတ်များအတွက် ကားများဝယ်ယူရန် ၂၀၂၅ ခုနှစ် ဘတ်ဂျက်ကို အတည်ပြုခဲ့ရာတွင် ဝယ်ယူမှုကို ဖျက်သိမ်းရန် နိုင်ငံရေးပါတီအချို့က တောင်းဆိုမည်ဟုလည်း ယမန်နှစ်က ပြောကြားခဲ့သည်။
Timorese Reconstruction အတွက် အမျိုးသားကွန်ဂရက်၊ ဒီမိုကရက်တစ်ပါတီနှင့် Enrich the National Unity of the Sons of Timor တို့က ပူးတွဲကြေညာချက်တွင် အဆိုပါ ဝယ်ယူမှုသည် “ပြည်သူ့အကျိုးစီးပွားကို ထင်ဟပ်မှုမရှိ” ကြောင်း ဖော်ပြခဲ့သည်။
ယခင် ပေါ်တူဂီကိုလိုနီဖြစ်သော အရှေ့တီမောနိုင်ငံသည် မညီမျှမှုများ၊ အာဟာရချို့တဲ့မှုများနှင့် အလုပ်လက်မဲ့ပြဿနာများကို ရင်ဆိုင်နေရပြီး ရေနံအပေါ် အကြီးအကျယ် မှီခိုနေရကာ အခြားကဏ္ဍများသို့ ကွဲပြားမှု နည်းပါးနေဆဲဖြစ်သည်။
ကိုလိုနီနိုင်ငံအဖြစ် ၂၄ နှစ်ကြာ သိမ်းပိုက်ခံခဲ့ရပြီးနောက် ၂၀၀၂ ခုနှစ်တွင် အင်ဒိုနီးရှားထံမှ လွတ်လပ်ရေး ရရှိခဲ့သည်။
