Agencies
အီရန်စစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် အမေရိကန်တိုက်လေယာဉ် တစ်စင်းကို ဧပြီ ၃ ရက်နေ့က ပစ်ချလိုက်ပြီးနောက် အဆိုပါ လေယာဉ်မှူးကို စတင်ရှာဖွေနေပြီဖြစ်ကြောင်း နိုင်ငံပိုင် Fars သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
“ဒီကနေ့အစောပိုင်းမှာ ပစ်ခတ်ခံလိုက်ရတဲ့ အမေရိကန်တိုက်လေယာဉ် လေယာဉ်မှူးကို ရှာဖွေဖို့ စစ်တပ်က ရှာဖွေရေးလုပ်ငန်းစဉ်တွေ စတင်နေပြီဖြစ်ပါတယ်” ဟု Fars သတင်းက ဆိုသည်။
ယခုဖြစ်ရပ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီးနောက်ပိုင်း အီရန်ပိုင်နက်အတွင်း အမေရိကန်တိုက်လေယာဉ်တစ်စင်း ပထမဆုံးအကြိမ် ပစ်ချခံရခြင်း ဖြစ်သည်။
ပစ်ချခံလိုက်ရသည့် အမေရိကန်တိုက်လေယာဉ်၏ ပျက်စီးနေသော အစိတ်အပိုင်းများဟု ဆိုသည့် ရုပ်သံမှတ်တမ်းများကို ဒေသတွင်း ရုပ်သံဌာနတစ်ခုတွင် ထုတ်လွှင့်ပြသခဲ့သည်။
အဆိုပါ လေယာဉ်သည် အီရန်နိုင်ငံအလယ်ပိုင်းတွင် ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်ပြီး Kohgiluyeh နှင့် Boyer-Ahmad ပြည်နယ်အတွင်း ပျက်ကျသွားနိုင်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် ဒေသခံပြည်သူများအနေဖြင့် အမေရိကန်လေယာဉ်မှူးကို လိုက်လံရှာဖွေရာတွင် ပါဝင်ကြရန် တိုက်တွန်းထားပြီး၊ ဖမ်းဆီးရမိသည့် မည်သည့်အမေရိကန်စစ်သား အတွက်မဆို ဆုကြေးငွေပေးအပ်မည်ဟု ကမ်းလှမ်းထားသည်။
အမေရိကန် အရာရှိတစ်ဦးကလည်း အမေရိကန် တိုက်လေယာဉ်တစ်စင်း အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူများ ရှိ၊ မရှိအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ရိုက်တာသတင်းဌာနသို့ အတည်ပြုထားသည်။
အမေရိကန် တိုက်လေယာဉ်မှ လေယာဉ်မှူးများကို အီရန်နှင့် အမေရိကန် နှစ်ဖက်စလုံးက အပူတပြင်း ရှာဖွေနေကြပြီး အမေရိကန် အထူးတပ်ဖွဲ့ဝင်များသည် လေယာဉ်အမှုထမ်းနှစ်ဦးအနက် တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။
