မွန်ပြည်နယ်၊ သထုံမြို့ပေါ်တွင် ရုံးထုတ်ပြီး ပြန်လာသည့် အကျဉ်းသား ၇ ဦးထွက်ပြေးသွားကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရသည်။
ယမန်နေ့( စက်တင်ဘာလ ၁၅ ရက်) ညနေပိုင်းက သထုံခရိုင်တရားရုံးမှ ရုံးထုတ်ပြီး ပြန်ထွက်လာသည့်အချုပ်ကားသည် ဈေးမသွယ်ထောင် အဝင်ဝအရောက်၌ အကျဉ်းသား ၇ ဦး ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
“သေနတ်လုပြီး ဘာညာ ထွက်ပြေးတာတော့ မဟုတ်ဘူး၊ လုံခြုံရေးအပိုင်း လူမရှိတာကို အခွင့်ကောင်းယူပြီး သူတို့ ထွက်ပြေးတာ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် သထုံမြို့ခံတစ်ဦးက MPA ကို ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသား ၇ ဦးအနက် ၃ ဦးကို ယင်းနေ့ ညနေပိုင်းတွင် ပြန်လည် ဖမ်းဆီး ရမိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အကျဉ်းသားများသည် နိုင်ငံရေးပုဒ်မများနှင့် တရားစွဲခံထားရသူများ မဟုတ်ဘဲ အခြားပြစ်မှုများနှင့် အရေးယူခံထားရသူများဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရုတ်တရက်ဆိုတော့ သေနတ်လုပြီး ပြန်ပစ်မှာ ကြောက်ကြတာ၊ ချက်ချင်းတော့ ပြန်မဖမ်းဘူးလေ၊ ခဏအကြာမှာ ပြန်ဖမ်းတာ၊ အတင့်ရဲတယ်ဆိုတာ ခိုးဆိုးလုယက်မှုကကောင်တွေဆိုတော့လေ” ဟု ၎င်းက ပြောသည်။
ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းများကို ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ယနေ့ (စက်တင်ဘာ ၁၆ရက်)မွန်းလွဲ ၁ နာရီတွင် ၎င်းက ဆက်ပြောသည်။
လက်ရှိ စစ်အုပ်စုလက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် မြို့အဝင်အထွက်များနှင့် ကျေးရွာချင်းဆက် လမ်းပိုင်းများ၌ ရှာဖွေပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မြို့ခံများက ဆိုသည်။
