5 Apr 2026 By / MPA
နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် မိမိကိုယ်တိုင် သမ္မတရာထူးရယူထားသည့် မင်းအောင်လှိုင်က ၎င်းတို့၏ ၅ နှစ်တာ သက်တမ်းအတွင်း နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့(ဧပြီ ၅ရက်)တွင် ပြောကြားသည်။
နေပြည်တော်၌ ကျင်းပသည့် ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားတွင် မင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မကြာမီရက်ပိုင်းအတွင်း အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးတော့မည်ဟုလည်း ဆိုသည်။
သို့သော်လည်း ဤပြောကြားချက်အပေါ် နိုင်ငံရေးလေ့လာသူများနှင့် တက်ကြွလှုပ်ရှားသူများကမူ လက်တွေ့မြေပြင်အခြေအနေနှင့် များစွာကွာဟနေကြောင်း ဝေဖန်ထောက်ပြလျက်ရှိသည်။
မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမှုများရှိခဲ့၍ အာဏာသိမ်းခဲ့ရခြင်းမှာ အမှန်တရားဖြစ်ကြောင်းနှင့် ယခုအခါ သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် အစိုးရသစ်ကို လွှဲပြောင်းပေးနိုင်သည့် သမိုင်းမော်ကွန်း စိုက်ထူနိုင်ခဲ့ပြီဟု အခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ယင်းအပေါ် ဝါရင့်နိုင်ငံရေးလေ့လာသူတစ်ဦးက “သူပြောတဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာက ပြည်သူက ရွေးချယ်တဲ့လမ်းကြောင်းမဟုတ်ဘဲ သူတို့ဆွဲထားတဲ့ ပုံစံခွက်ထဲ သွတ်သွင်းတာပဲ ဖြစ်ပါတယ်။ ၅ နှစ်အတွင်း တိုင်းပြည်စီးပွားရေးနဲ့ အခြေခံအဆောက်အအုံတွေ ဘယ်လောက်ပျက်စီးသွားလဲဆိုတာ လူတိုင်းအသိပဲ” ဟု သုံးသပ်သည်။
ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း “ဒီမိုကရေစီကို ပြန်လွှဲပေးတယ်ဆိုတာက လှည့်စားမှုတစ်ခုသက်သက်ပါ။ တကယ်တော့ ဒါဟာ သူတို့စိတ်ကြိုက်လူတွေနဲ့ ဖွဲ့စည်းမယ့် အရေခွံလဲအစိုးရဆီကိုပဲ အာဏာလက်ဆင့်ကမ်းတာဖြစ်ဖို့များတယ်” ဟု ဝေဖန်သည်။
မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ၎င်းတို့၏ ၅ နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ၊ ဆူပူအကြမ်းဖက်မှုများနှင့် သဘာဝဘေးအန္တရာယ်မျိုးစုံကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ရကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့သည်။ အဆိုပါအခက်အခဲများကြောင့် နိုင်ငံစီးပွားရေး ကျဆင်းခဲ့ရသည်ဟုလည်း ၎င်းက အကြောင်းပြချက်ပေးခဲ့သည်။
သို့သော်လည်း တက်ကြွလှုပ်ရှားသူများကမူ နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေးပျက်ကပ်မှာ အာဏာသိမ်းမှု၏ တိုက်ရိုက်နောက်ဆက်တွဲရလဒ်များသာဖြစ်ပြီး၊ သဘာဝဘေးအန္တရာယ်မှာ အဓိကအကြောင်းရင်းမဟုတ်ကြောင်း ထောက်ပြကြသည်။
အဆိုပါအခမ်းအနားသို့ စစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဟောင်း စိုးဝင်းနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး၊ ၅ နှစ်တာကာလအတွင်း သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သူများကို သမ္မတအမည်ခံ မင်းအောင်လှိုင်က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးလေ့လာသူများကမူ ဤဂုဏ်ပြုပွဲမှာ အာဏာလွှဲပြောင်းခြင်းမပြုမီ စစ်တပ်အတွင်း စည်းလုံးမှုရှိနေသေးကြောင်း ပြသလိုသည့် ဟန်ပြလုပ်ရပ်တစ်ခုသာ ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
မင်းအောင်လှိုင်ကမူ ၎င်းတို့သည် နိုင်ငံ၏အန္တရာယ်ရန်စွယ်များကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး နိုင်ငံကို မူလရည်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တည်မတ်ပေးနိုင်ခဲ့ခြင်းကြောင့် ဝမ်းသာအားရဖြစ်ရကြောင်း ဆိုသည်။
သို့ရာတွင် မြေပြင်၌မူ ပြည်တွင်းစစ်မီးများ ငြိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ၊ ပြည်သူအများစုမှာ စားဝတ်နေရေး အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
စာတည်း-ကိုဆန်း
