အလင်းဝင် စစ်မှုထမ်းတပ်သားအများစု စစ်တပ်ကို ပြန်တိုက်နေဟုဆို

ဓာတ်ပုံ - ရေးပြောက်ကျားတပ် (YGF)
ပုံစာ - တိုက်ပွဲဝင် YGF ရဲဘော်များ

ယခုနှစ်အတွင်း အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ တိုက်ခိုက်ရေးနှင့် ထောက်ပို့တာဝန် ထမ်းဆောင်နေကြကြောင်း ရေးပြောက်ကျားတပ်(YGF)ထံက သိရသည်။

ရေးပြောက်ကျားတပ်(YGF)ထံသို့ ၂၀၂၆ ခုနှစ် အစပိုင်းမှ ဧပြီ၄ရက်အထိ အလင်းဝင်လာသူ ၁၁ ဦးရှိပြီး ၎င်းတို့အားလုံးမှာ စစ်မှုထမ်းတပ်သားများဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ ၉ ယောက် ပါဝင်နေပါတယ်။ တိုက်ခိုက်ရေးရော ၊ ထောက်ပို့ရောပေါ့။ ၉ ယောက် လုံး စစ်မှုထမ်း တပ်သားသစ်တွေချည်းပါပဲ။ လက်ရှိမှာက ကျန်တဲ့ ၂ ယောက်က စဉ်စားနေတုန်းဖြစ် နေလို့ပါ”ဟု ရေးပြောက်ကျားတပ် (YGF)မှ ရဲဘော်စောခေတ်သစ်က MPA သို့ပြောသည်။

စစ်မှုထမ်းတပ်သား ၅ဦးမှာ သေနတ်၄လက်ဖြင့် အလင်းဝင်လာပြီး ခဲယမ်းများယူဆောင်ကာ အလင်း ဝင်လာသူ ၃ဦးရှိကာ ၎င်းတို့ကို ဆုငွေမချီးမြှင့်ရသေးကြောင်း သိရသည်။

“ဆုငွေချီးမြှင့်နိုင်ဖို့အတွက် ကျနော်တို့မှာ ဘတ်ဂျက်အခက်အခဲရှိနေလို့ ပြည်သူများကိုဝိုင်းဝန်းကူညီ ပေးကြဖို့ အကူအညီတောင်းချင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

သေနတ်ပါလာသူများကို တစ်လက်လျှင် ကျပ်သိန်း၃၀၊ ခဲယမ်းပါလာသူများကို တစ်ဦးလျှင် ကျပ်၅သိန်းနှင့် လက်နက်ခဲယမ်း မပါလာသူများကို တစ်ဦးလျှင် ကျပ်၃သိန်း ချီးမြှင့်ရန် ရည်ရွယ် ထားကြောင်း သိရသည်။

အလင်းဝင်တပ်သားများသည် ရေးမြို့နယ် အခြေစိုက် ခမရ ၅၉၁ ၊ ခလရ ၂၉၉ ၊ ခမရ ၅၈၈ ၊ ခမရ ၃၄၃ နှင့် တပ်မ ၁၉ တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။

ဧပြီ ၄ ရက် နံနက်ပိုင်းတွင်လည်း ထားဝယ်နှင့် ကျောက်ဆည်မြို့နယ်မှ ပေါ်တာဆွဲခံရပြီး ခလရ ၃၄၃ ၌ တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်း တပ်သား ၂ ဦးသည် MA1 သေနတ် ၂ လက် ၊ ကျည်အချို့ ၊ ယူနီဖောင်းနှင့် ကျည်ဘောက် ၆ ခု ယူဆောင်ကာ ရေးပြောက်ကျားတပ်(YGF)ထံ အလင်းဝင်ခဲ့ သည်။

အလင်းဝင်လာသည့်စစ်မှုထမ်းတပ်သားအများစုမှာ သက်ဆိုင်ရာတော်လှန်ရေးတပ်များထဲတွင် ပါဝင် ကာ စစ်တပ်ကို ပြန်တိုက်နေကြကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအ ဖွဲ့ MDSI ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။