ထရမ့်ရဲ့ အပစ်ရပ်ကမ်းလမ်းမှုအပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရန် အီရန် သဘောတူ

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ဂ်ချီက အီရန်အပေါ် တိုက်ခိုက်မှုများ ရပ်တန့်မည်ဆိုပါက အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စည်းကမ်းချက်အချို့ဖြင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် ကြေညာခဲ့ပြီးနောက် အီရန်ဘက်က ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက်အရ ဗျူဟာမြောက်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို နှစ်ပတ်တာကာလအတွင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်သော်လည်း ယင်းလုပ်ငန်းစဉ်ကို အီရန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဟု ဆိုသည်။

အပစ်အခတ်ရပ်စဲရေး အလားအလာများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ သိသိသာသာ ထိုးကျသွားခဲ့ပြီး Brent crude ရေနံဈေးသည် ၅.၈ ရာခိုင်နှုန်း (တစ်စည်လျှင် ၁၀၃.၄၂ ဒေါ်လာ) နှင့် အမေရိကန်ရေနံဈေးသည် ၈.၅ ရာခိုင်နှုန်း (တစ်စည်လျှင် ၁၀၃.၂၅ ဒေါ်လာ) အထိ ကျဆင်းသွားခဲ့သည်။

သို့သော်လည်း အဆိုပါဈေးနှုန်းမှာ ဖေဖော်ဝါရီ ၂၈ ရက်က ပဋိပက္ခများ မစတင်မီကာလထက် များစွာမြင့်မားနေဆဲဖြစ်သည်။

တစ်ဖက်တွင်လည်း အခြေအနေများမှာ တင်းမာနေဆဲဖြစ်ပြီး သမ္မတထရမ့်၏ ကြေညာချက်ထွက်ပေါ်လာပြီး မိနစ်ပိုင်းအကြာတွင် အီရန်ဘက်မှ ဒုံးကျည်များ ပစ်လွှတ်လိုက်သည်ကို တွေ့ရှိရကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထုတ်ပြန်ခဲ့သည်။ အစ္စရေးဘက်က ကြားဖြတ်ဟန့်တားရေးစနစ်များဖြင့် ပြင်ဆင်နေသကဲ့သို့ ပြည်သူများကိုလည်း ဘေးကင်းရာတွင် ခိုလှုံကြရန် သတိပေးထားသည်။

အီရန်အစိုးရပိုင် ရုပ်သံဌာန၏ ဖော်ပြချက်အရ အီရန်ဘက်က တောင်းဆိုထားသည့် အချက် ၁၀ ချက်ပါ အစီအစဉ်တွင် အီရတ်၊ လက်ဘနွန်နှင့် ယီမင်ရှိ စစ်ပွဲများ ရပ်တန့်ရန်၊ အီရန်အပေါ် တိုက်ခိုက်မှုများကို အမြဲတမ်းရပ်တန့်ရန်နှင့် ပိတ်ဆို့မှုများအားလုံး ရုပ်သိမ်းပေးရန်တို့ ပါဝင်သည်။

ထို့အပြင် အီရန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် လျော်ကြေးငွေပေးရန်နှင့် သိမ်းဆည်းထားသော ရန်ပုံငွေများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး အပြန်အလှန်အားဖြင့် နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိပြုထားကြောင်း သိရသည်။