ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများ လွတ်မြောက်ရေး ပြည်သူများ ဆုတောင်းပေးကြရန် NLD လူငယ်များ ပန်ကြား

ဓာတ်ပုံ - လူမှုကွန်ရက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး အတွက် မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်တွင် ပြည်သူများ ဆုတောင်းမေတ္တာပို့ပေးကြရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လူငယ်များက တိုက်တွန်းလိုက်သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ နှစ်သစ်ကူးအခါသမယတွင် နှစ်သစ်ကူးဆုတောင်းခြင်း၊ လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် မြန်မာနိုင်ငံသားများ အားလုံး ကျန်းမာဘေးကင်းစေရန်အတွက် ဆုတောင်းမေတ္တာပို့သပေးခြင်းတို့ကို ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြရန် NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ဧပြီ၉ရက်တွင် ပန်ကြားလိုက်သည်။

“အမေဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ပြည်သူအားလုံးက မျှော်လင့်ကြတာပဲ။အထူးသဖြင့် အသက်အရွယ်ကြီးပြီဖြစ်တဲ့ အမေစုကို မြန်မြန်ပြန်လွှတ်ပေးစေ ချင်ပါတယ်”ဟု မဲဆောက်အခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

ဧပြီ၁၇ရက်(မြန်မာနှစ်ဆန်းတစ်ရက်)တွင် သပြေပန်း၊နှင်းဆီပန်း သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ ပန်းများ ကိုင်ဆောင်၍သော်လည်းကောင်း၊ ပန်ဆင်၍သော်လည်းကောင်း တစ်မိနစ်ခန့် ဆုမွန် ကောင်းတောင်းခြင်း ဗီဒီယိုဖိုင်ကိုပြုလုပ်ပြီး မိမိတို့၏ လုံခြုံရေးအပေါ် မူတည်၍ ဖေ့စ်ဘွတ်ခ် စာ မျက်နှာပေါ် ဖော်ပြပေးကြရန် NLDလူငယ်များက မေတ္တာရပ်ခံသည်။

ဆုတောင်းစကားများမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊သမ္မတကြီးဦးဝင်းမြင့်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာကြပါစေ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ကြီးဦးဝင်းမြင့်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေ၊ မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံး ကျန်းမာကြပါစေ၊ ဘေးဘယာဒုက္ခအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးကြပါစေ ဟူ၍ ဖြစ်သည်။

၂၀၂၀ရွေးကောက်ခံ ရန်ကုန်တိုင်းအတွင်းရှိ NLDလွှတ်တော်အမတ်တစ်ဦးကမူ “ ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးလိမ့်မယ်လို့ လုံးဝမယူဆဘူး”ဟု MPAသို့ပြောသည်။

စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကိုဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံညှိနှိုင်း ဆွေးနွေး ဆောင်ရွက်မှုများမပါဝင်ဘဲ ပြေလည်ရေး လမ်းစမရရှိနိုင်ဟုNLD ဗဟိုအလုပ်ကော်မတီက လည်း ထုတ်ပြန်ထားသည်။