တော်လှန်ရေးအရှိန်ဟုန် မြှင့်တင်ပြီး အမြန်ဆုံး အောင်ပွဲရရှိနိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယနေ့ (ဧပြီ ၁၁ရက်) ကျင်းပသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ SCEFနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က အထက်ပါတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
” တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးပါဝင်ခဲ့တဲ့ ၅နှစ်တာ တော်လှန်ရေးကာလအတွင်းမှာလည်း စစ်ရေးအရ ၊ နိုင်ငံရေးအရ အောင်မြင်မှုတွေ တချို့ ရရှိခဲ့ပေမဲ့ ကျနော်တို့ တော်လှန်ရေးကြီးကို အပြီးသတ်အောင်မြင်အောင် ကျနော်တို့ မစွမ်းဆောင်နိုင်ခဲ့သေးပါဘူး။ ဒါကြောင့်မို့ ကျနော်တို့က လက်ရှိ ဆင်နွှဲနေတဲ့ ကျနော်တို့ တော်လှန်ရေးကို အရှိန်ဟုန်မြှင့်တင်ပြီး အမြန်ဆုံး အောင်ပွဲ ရရှိ နိုင်ရေးအတွက်နဲ့ ကျနော်တို့ လက်ရှိ ပူးပေါင်းဆောင်ရွက်နေတဲ့ ဖက်ဒရယ်အသွင်ပြောင်းရေးကာလ အစီမံဆိုင်ရာ အခြေခံဥပဒေကို ဆက်လက်ဆွေးနွေးအတည်ပြုပြီး အသွင်ကူးပြောင်းရေးကာလ အ စိုးရတစ်ရပ်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေး အတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကျနော်တို့ လက်တွေ့ကျကျ ချမှတ်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ SCEFကို ကျနော်တို့ စတင်ဖွဲ့စည်း လိုက်ရတာဖြစ်ပါတယ် ” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
ထို့ပြင် လက်ရှိတော်လှန်ရေးကာလနှင့် ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ ကျင့်သုံးမှုမတိုင်မီ ကြားကာလအတွင်း နိုင်ငံရေးအရနဲ့ Institution ဆိုင်ရာအရ ဦးဆောင်မှုပေးနိုင် ရန်နှင့် အသွင်းပြောင်းရေးဆိုင်ရာ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ရန်အ တွက်လည်း ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
” လက်ရှိတော်လှန်ရေးအခြေအနေ နိုင်ငံရေးအရွေ့များနဲ့ နိုင်ငံရေး လိုအပ်ချက်များကြောင့် ကနဦးအစပြုဖွဲ့စည်းမှုကို ကျနော်တို့ အဖွဲ့အစည်း ၆ဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့၊ ကျနော်တို့ ကြားထဲမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီကို စုဖွဲ့မယ့် အခြေခံမူများရ အောက်ပါ မဏ္ဍိုင်များနဲ့ စုဖွဲ့သွားဖို့ သဘောတူညီမှု ချမှတ်ထားပြီးလည်း ဖြစ်ပါတယ်။ အဲဒါတွေကတော့ ကျနော်တို့ နံပါတ်တစ်အနေနဲ့ ပြည်နယ်ဖဒရယ်ယူနစ်၊ တိုင်းရင်းသား တော်လှန်ရေးအစုအဖွဲ့ ကိုယ်စားပြုမှု၊ နံပါတ် ၂အနေနဲ့ ပြည်သူကိုယ်စားပြု ကိုယ်စားလှယ်များနှင့် နံပါတ် ၃ကတော့ အမျိုးသမီးကိုယ်စားပြုကိုယ်စားလှယ်ဆိုပြီးမှ စုဖွဲ့ဖို့ အခြေခံချမှတ်ခဲ့တာတွေ ရှိပါတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
စစ်အာဏာရှင်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားပြီး ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် စုံလင်ကွဲပြားလူမျိုးများ၏ သရုပ်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးမည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ် များနှင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ကောင်မွန်စွာ အသွင်းကူပြောင်းနိုင် ရေး အတွက်လည်း ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။
KIO၊ KNU၊ CNF၊ Karenni၊ CRPH နှင့် NUG တို့ပူးပေါင်း၍ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ် ထွန်း ရေးဦးဆောင်ကောင်စီ SCEFအဖြစ် ဖွဲ့စည်းလိုက်ကြောင်းမတ်လ ၃၀ရက်နေ့က ထုတ်ပြန် ထားသည်။
