မင်းအောင်လှိုင်ကို သမ္မတအဖြစ် ခန့်အပ်လိုက်ခြင်းအား အသိအမှတ်မပြုရန်နှင့် စစ်အုပ်စုကို တရားဝင်မှုပေးမည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်ရန် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံကို ယနေ့တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။
စစ်တပ်က ထိန်းချုပ်ထားသည့် ဟန်ပြလုပ်ရပ်များမှတစ်ဆင့် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်လိုက်ခြင်းမှာ စစ်အုပ်ချုပ်ရေးကို အရပ်သားအစိုးရပုံစံဖြင့် အသွင်ပြောင်းရန် ကြံစည်မှုသာဖြစ်ကြောင်း APHR က ထောက်ပြထားသည်။
ယင်းအပြင် မင်းအောင်လှိုင်၏ အကြမ်းဖက်အုပ်ချုပ်ရေးယန္တရားသည် ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်သွားမည့် အရိပ်အယောင် လုံးဝမရှိဘဲ ပြည်သူများအပေါ် အကြမ်းဖက်မှုများကိုသာ ဆက်လက်လုပ်ဆောင်နေကြောင်း ဝေဖန်ထားသည်။
အာဆီယံအနေဖြင့် ၎င်း၏ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရန် လုံးဝပျက်ကွက်နေသည့် စစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေခြင်းသည် စစ်တပ်ကို ပိုမိုအတောင်ပံဖြန့်စေသကဲ့သို့ ဖြစ်နေပြီး အာဆီယံ၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများနှင့် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများမှာ အာဆီယံနှင့် ထိတွေ့ဆက်ဆံမှုမှ တိုးတက်မှုရရှိမည်ဆိုသည့် ပြောဆိုချက်များမှာ အနှစ်သာရမရှိကြောင်း သက်သေပြနေသည်ဟု ဆိုသည်။
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အဖွဲ့ကြီး၏ အခြေခံမူများကို ထိန်းသိမ်းရန်နှင့် စစ်အုပ်စုအား တရားဝင်အစိုးရကဲ့သို့ ဆက်ဆံခြင်းဖြင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီမျှော်လင့်ချက်များကို သစ္စာမဖောက်ရန် APHR က သတိပေးထားသည်။
စစ်အုပ်စုအား တရားဝင်မှုပေးမည့် ချဉ်းကပ်ပုံများကို ချက်ချင်းရပ်တန့်ပြီး NUG၊ EROs နှင့် အရပ်ဘက်အဖွဲ့အစည်းများကဲ့သို့သော ဒီမိုကရေစီကိုယ်စားလှယ်များနှင့်သာ ထိတွေ့ဆက်ဆံမှုကို ဦးစားပေးလုပ်ဆောင်ရန် တောင်းဆိုထားသည်။
ယင်းအပြင် အာဆီယံအနေဖြင့် စစ်တပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေမည့် လမ်းစများကို ဖော်ဆောင်ရမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများကို ပိုမိုတိုးမြှင့်ပေးအပ်ရန် လိုအပ်ကြောင်းလည်း APHR က အလေးအနက် တိုက်တွန်းထားသည်။
