By MPA
စစ်ကော်မရှင်၏ မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) တွင်ကျရောက်သည့် အတုအယောင်သမ္မတ မင်းအောင်လှိုင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း စာရေးဆရာ ထင်လင်းဦးက ၎င်း၏ Facebook တွင် ပုံများဖြင့် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံခဲ့ရသည့် သမ္မတဦးဝင်းမြင့်သည် ၅ နှစ်ကျော်ကြာ မတရားအကျဉ်းချခံရပြီးနောက် ယခုကဲ့သို့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
သမ္မတဦးဝင်းမြင့်အား စစ်ကော်မရှင် အမှုပေါင်း ၈ မှုဖြင့် ထောင်ဒဏ် ၁၄ နှစ်အထိ မတရားအမိန့်ချမှတ်ခဲ့ပြီး နေပြည်တော်မှတစ်ဆင့် တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။
ယနေ့လွတ်ငြိမ်းခွင့်တွင် သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းကြောင့် မိသားစုဝင်များနှင့် ပြည်သူလူထုအကြား ဝမ်းသာအားရဖြစ်မှုများ ရှိနေသော်လည်း အခြားတစ်ဖက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုသတင်းကိုမူ ဆက်လက်စောင့်ကြည့်နေရဆဲ ဖြစ်သည်။
သမ္မတဦးဝင်းမြင့်သည် အာဏာသိမ်းသည့်နေ့ကတည်းက စစ်တပ်၏ ရာထူးမှနုတ်ထွက်ပေးရန် ခြိမ်းခြောက်မှုကို “သေလျှင်သေပါစေ၊ နုတ်မထွက်နိုင်” ဟု ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သူဖြစ်ရာ ၎င်း၏လွတ်မြောက်လာမှုသည် နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအတွက် စိတ်ဓာတ်ခွန်အားတစ်ရပ် ဖြစ်လာစေသည်။
သို့သော်လည်း အတုအယောင်သမ္မတ မင်းအောင်လှိုင်၏ ယနေ့လွတ်ငြိမ်းခွင့်သည် နိုင်ငံရေးအရ အကျပ်အတည်းတွေ့နေချိန်တွင် အာရုံလွှဲရန် ကြိုးပမ်းသည့် ကစားကွက်တစ်ခုသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
