ကြို့ပင်ကောက်တွင် လေပြင်းတိုက်၍ မိုးသီးကြွေ၊နေအိမ် ၄၀၀ ကျော်ပျက်စီး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀၀ ကျော်ပျက်စီးကာ ပြည်သူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၇ရက် (နှစ်ဆန်းတစ်ရက် )၊ မွန်းလွဲ ၃ နာရီ ၁၅မိနစ်ခန့်က လေပြင်းတိုက်ခတ်၍ မိုးသီးများ ကြွေကျသောကြောင့် ကြို့ပင်ကောက်မြို့နယ်၊ သခွတ်ပင်၊ မှတ်တိုင်၊ ကျွဲတဲ၊ ကျွဲသေ၊ စိန်ချောင်း၊ သရက်ကုန်း၊ ညောင်ပင်သာ၊ ချောင်းခွ၊ မြို့ကိုင်း၊ မင်းဝနှင့် ကွက်သစ်ကျေးရွာတို့မှ နေအိမ် ၄၁၉ လုံး ပျက်စီးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် သတင်းရင်းမြစ်ထံက သိရသည်။

” ညနေ ၅ နာရီလောက်အထိ ၂နာရီကျော်လောက် လေပြင်းတိုက်၊ မိုးသီးတွေ ကြွေတာပါ။‌ ကျနော်တို့ ပြုစုထားတဲ့စာရင်းအရ နေအိမ် ၂၇၉ လုံးက လုံးဝကို ပျက်စီးသွားတာပါ။ ကျန်တဲ့ နေအိမ် ၁၄၀ ကတော့ အမိုးတွေလန်တယ်။ အပျက်စီးဆုံးရွာက ချောင်းခွရွာပေါ့နော်။ နေအိမ် ၈၃လုံး ပျက်စီးခဲ့တယ်။ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာက နေအိမ်ပြိုကျလို့ပါ။ အရမ်းတော့ မစိုးရိမ်ရပါဘူး။ ” ဟု ၎င်းက MPA ကို ပြောသည်။

ဒဏ်ရာရသူများမှာ သရက်ကုန်းရွာနေ အသက် ၁၇ နှစ်အရွယ် အမျိုးသားနှင့် ကျွဲတဲရွာနေ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ကြောင်း သိရသည်။

” အိမ်တွေပြိုကျသွားတော့ ပြည်သူတွေ နီးစပ်ရာဆွေမျိုးတို့၊ ဘုန်းကြီးကျောင်းတို့မှာ ခေတ္တ နေနေရပါတယ်။‌ ဒီနေ့မနက်တော့ ရာသီဥတုက သာယာပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အိုးအိမ်ပျက်စီးသွားသည့် ပြည်သူများမှာ ပြန်လည်ဆောက်လုပ်ရန် အခက်အခဲရှိနေကြောင်း သိရသည်။