သထုံတွင် ခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ် မျက်နှာချင်းဆိုင်တိုက်၊ သံဃာ ၈ ပါးနှင့် ကျား ၃ ဦး သေဆုံး

ဓာတ်ပုံ-မင်းသားကြီး-အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေး သထုံ
ပုံစာ-ယာဉ်တိုက်ပြီးနောက် ကယ်ဆယ်ရေးလုပ်နေစဉ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်ကားတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာ သံဃာ၈ပါးနှင့် အမျိုးသား၃ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့(ဧပြီ၁၈ရက်)ညနေ၄နာရီ၄၅မိနစ်ခန့်တွင် သထုံမြို့နယ်၊နောင်ဘိုရွာ အကောင်းကြိုက်ဆိုင်အ နီး၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လိုက်ထရပ်ယာဉ်ပေါ်ပါ သံဃာ၅ပါးနှင့် ကိုရင်တစ်ပါး ပွဲချင်း ပြီး ပျံလွန်ခဲ့ပြီး အမျိုးသား၃ဦးလည်း သေဆုံးခဲ့ကာ ဆေးရုံရောက်မှ နောက်၂ဦး ထပ်မံသေဆုံး ကြောင်း ဒေသခံကူညီကယ်ဆယ်ရေးသမား တစ်ဦးထံက သိရသည်။

“ခရီးသည်တင်ယာဉ်ပေါ်က ခရီးသည်တွေ ဘာမှ မဖြစ်ဘူး။လိုက်ထရပ်ပေါ်ကဘုန်းကြီးနဲ့ လူတွေပဲ သေဆုံး၊ဒဏ်ရာရတာ။ တိုက်ချက်က တော်တော်ပြင်းလို့ ပွဲချင်းပြီးကြတာ”ဟု ၎င်းက MPAသို့ ပြောသည်။

ဒဏ်ရာရရှိသူ ၁၀ဦးအနက် ဒဏ်ရာပြင်းသူတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်လူ နာများအား သထုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“လိုက်ထရပ်ကားက ကျိုက်ထီးရိုးကနေ ပြန်လာတာ။မန္တလာယာဉ်က ရန်ကုန်ဘက်သွားတာ အဲ ကားက တခြားကားတစ်စီးကိုကျော်တက်တဲ့အချိန် လိုက်ထရပ်ကို မျက်နှာချင်းဆိုင် တိုက်မိတာ လို့ ပြောကြတယ်။လိုက်ထရပ်ပေါ်က ဘုန်းကြီးရော လူရော မထိတဲ့သူမရှိဘူး။ အကုန်ထိတယ်”ဟု သထုံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပျံလွန်တော်မူသည့် သံဃာများမှာ သထုံမြို့မှ ရန်ကုန်ဘက်အထွက် ပေါ်တော်မူရွာရှိ ရွှေဟင်္သာညီ နောင်ကျောင်းမှဖြစ်ကြောင်း သိရသည်။