မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်း၌ စစ်သားများက ပေါ်တာဆွဲရာ လူငယ် ၃ဦး ပါသွားကြောင်း သိရသည်။
ယနေ့(ဧပြီ ၁၉ ရက်) နံနက် ၆ နာရီကျော်တွင် ကား ၂ စီးနှင့် ဆိုင်ကယ် ၂ စီးဖြင့် လာသော စစ်သား များသည် ဝမ်းတွင်းမြို့နယ် ၊ ရိုးကန်ကျေးရွာသို့ ဝင်ရောက်ကာ ပေါ်တာဆွဲရာ ရွာသူ၊ရွာသားများ ထွက်ပြေးနိုင်သဖြင့် တစ်ဦးမှ မပါသွားသော်လည်း ရိုးကန်ကျေးရွာ အရှေ့ဘက်ရှိ ကြပ်ကန်ကျေး ရွာ၌ ထပ်မံ ပေါ်တာဆွဲရာ လူငယ် ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Voice Of Wundwin က သတင်းထုတ် ပြန်သည်။
“ခုမနက်က အရှေ့ကလာတာ။ ဝမ်းတွင်းက ကောင်တွေဖြစ်မယ်။ ဒါမှမဟုတ် ပင်းတလဲက ကောင် တွေပဲ အရှေ့ကလှည့်ဝင်သလား မပြောတတ်ဘူး။ အခုတော့ပြန်သွားပြီ။ ရွာထဲက လူတွေက ကားသံ ကြားတာနဲ့ အကုန်ထွက်ပြေးကြရတာ”ဟု Voice Of Wundwin မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဧပြီ ၁၈ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း အရှေ့ဘက်ရှိ မင်းကန်နှင့် ရုံးစုကျေးရွာများသို့ ပင်းတလဲစခန်းမှ စစ်သားများ ဝင်ရောက်လာပြီး နေအိမ်များပေါ် တက်ဖမ်းရုံတင်မက တောထဲသို့ပါ လိုက်လံ ဖမ်းဆီးရာ လူငယ် ၉ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ပေါ်တာဆွဲခံရသည့် လူငယ်များကို မိတ္ထီလာမြို့နယ်ဘက်သို့ ပို့ဆောင်သည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။
ဧပြီ ၁၁ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် မိတ္ထီလာဘက်မှ လာသည့် စစ်သားများသည် ဝမ်းတွင်းမြို့နယ် အနောက်ပိုင်း မိတ္ထီလာ-ပင်းတလဲ လမ်းတစ်လျှောက်ရှိ ကျောင်းကုန်း ၊ ရွာသစ် ၊ ပြည်တော်သာ ၊ သစ်ပုလွေကန်နှင့် ဒါးလှကျေးရွာတို့မှ နေအိမ်များပေါ်သို့ တက်၍ ဖမ်းဆီးခဲ့သလို ဈေးကားပေါ်၌ ပါလာသည့် လူငယ်များကိုလည်း ဆွဲချဖမ်းဆီးခဲ့ရာ လူငယ်စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံခဲ့ရသေးသည်။
