ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပယ်ချလိုက်ပြီးနောက် အီရန်ကုန်တင်သင်္ဘောကို အမေရိကန် ဖမ်းဆီး

အမေရိကန်၏ ပိတ်ဆို့မှုကို ရှောင်တိမ်းကျော်လွှားရန် ကြိုးပမ်းခဲ့သည့် အီရန်ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ဧပြီလ ၁၉ ရက်နေ့တွင် ပြောကြား သည်။

အီရန်ဘက်ကလည်း တုံ့ပြန်လက်စားချေမည်ဟု ပြောဆိုထားသဖြင့် နှစ်နိုင်ငံကြား သတ်မှတ်ထားသည့် နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးသည် သက်တမ်းမကုန်ဆုံးမီမှာပင် ပျက်ပြားသွားနိုင်သည့် အခြေအနေ ရှိနေသည်။

အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးမည့် ဧပြီလ ၂၁ ရက်မတိုင်မီ အမေရိကန်က စတင်ရန် မျှော်လင့်ထားသည့် ဒုတိယအကျော့ ညှိနှိုင်းဆွေးနွေးပွဲများတွင် ပါဝင်မည်မဟုတ်ကြောင်း အီရန်က ပြောကြားထားသောကြောင့် ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းမှုများသည်လည်း မရေမရာဖြစ်နေသည်။

ထို့အပြင် ကမ္ဘာ့ရေနံစျေးနှုန်းများကို မြင့်တက်စေခဲ့သော သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နေသည့် သင်္ဘောလိုင်းများ ပိတ်ဆို့မှုသည်လည်း ဆက်ရှိနေမည့်ပုံပေါ်သည်။

အမေရိကန်သည် အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပြီး၊ အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည်။

အီရန်နိုင်ငံ၏ Bandar Abbas ဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းလာသည့် အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ အဲဒီသင်္ဘောကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီ၊ သင်္ဘောပေါ်မှာ ဘာတွေပါလဲဆိုတာကို စစ်ဆေးနေပါတယ်” ဟု သမ္မတထရန့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အဆိုပါသင်္ဘောသည် တရုတ်နိုင်ငံမှ ထွက်ခွာလာခြင်းဖြစ်ကြောင်း အီရန်စစ်တပ်က ပြောကြားသည်။

“အမေရိကန်စစ်တပ်ရဲ့ ဒီလို လက်နက်ကိုင် ပင်လယ်ဓားပြဆန်ဆန် လုပ်ရပ်အပေါ် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေက မကြာခင် တုံ့ပြန်လက်စားချေသွားမယ်လို့ သတိပေးပါတယ်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကို နိုင်ငံပိုင်မီဒီယာက ကိုးကားဖော်ပြခဲ့သည်။

ရေလက်ကြားကို လက်ရှိ ပိတ်ဆို့ထားမှုများ၊ အမေရိကန်၏ မတည်ငြိမ်သော ရပ်တည်ချက်များနှင့် “လွန်ကဲသော တောင်းဆိုမှုများ” ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်ကို ပယ်ချလိုက်ကြောင်း အီရန်အစိုးရပိုင် IRNA သတင်းဌာနကလည်း သတင်းထုတ်ပြန်ခဲ့သည်။

အီရန်အနေဖြင့် သူ၏ သတ်မှတ်ချက်များကို ပယ်ချပါက အီရန်ရှိ တံတားနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတိုင်းကို ဖျက်ဆီးပစ်မည်ဟု သမ္မတထရန့်က ယခင်က သတိပေးခဲ့ဖူးပြီး စစ်ပွဲတစ်လျှောက်လုံးတွင်လည်း ယခုကဲ့သို့ ခြိမ်းခြောက်မှုမျိုးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။

အမေရိကန်က အီရန်၏ အရပ်ဘက် အခြေခံအဆောက်အအုံများကို တိုက်ခိုက်လာပါက ပင်လယ်ကွေ့ အာရပ်အိမ်နီးချင်းနိုင်ငံများ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ရေချိုထုတ်စက်ရုံများကို ပြန်လည်တိုက်ခိုက်မည်ဟု အီရန်က တုံ့ပြန်ထားသည်။

စစ်ပွဲနှင့်ပတ်သက်၍ မတည်ငြိမ်သော ဖြစ်ရပ်များကြောင့် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေကြပြီး အာရှစျေးကွက် စတင်ဖွင့်လှစ်ချိန်တွင် Brent ရေနံစိမ်းစျေးနှုန်းသည် ၇ ရာခိုင်နှုန်းခန့် မြင့်တက်ကာ တစ်စည်လျှင် ၉၆.၈၅ ဒေါ်လာအထိ ရောက်ရှိသွားပြီး S&P 500 စျေးကွက်ညွှန်းကိန်းမှာမူ ၀.၉ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။