ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဂျက်ဖိုင်တာ၊ Y-12 လေယာဉ်များဖြင့် သဲကြီးမဲကြီး ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယနေ့( ဧပြီလ ၂၂ ရက်) မွန်းလွဲ ၂ နာရီကျော်က စတင်ပြီး အာကာတောင် တောင်တန်းနှင့် ပီချောင်းဒေသ အနီးတစ်ဝိုက်ကို ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဂျက်ဖိုင်တာနှင့် ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် Y-12 လေယာဉ်ဖြင့် ထပ်မံလာရောက် ကြဲချနေကြောင်း ကျောက်တော်မြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အာကာတောင် မဟုတ်ရင် ပီချောင်းဖြစ်ဖို့များတယ်။ အားလုံးကြဲချသံ ကြားရတာက ၁၂ လုံး အကျယ်ကြီး ကြားလိုက်ရတယ်။ ဂျက်က အခုထိ ဝဲနေတုန်းပါ” ဟု ၎င်းက ပြောသည်။
ဂျက်ဖိုင်တာနှင့် ဗုံးကြဲချပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင် Y-12 တစ်စင်းဖြင့် လှည့်ပတ်ကြဲချနေကြောင်း နောက်ထပ် မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
ထိုမျက်မြင်ဒေသခံက “ဂျက်နဲ့ကြဲပြီးတာနဲ့ အခု Y-12 နဲ့ ထပ်ပြီး လာကြဲနေတယ်။ အခုထိ ကြဲနေတုန်းပါ” ဟု ပြောသည်။
စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အများပြည်သူ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို လတ်တလော အခြေအနေတွင် မသိရသေးကြောင်း သူကဆိုသည်။
သို့သော် ဗုံးကျကွဲသံနှင့် လေယာဉ်သံများကြောင့် ဒေသခံပြည်သူများကြား စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေကြကြောင်း သိရသည်။
“အမြဲတမ်း နားစွင့်နေရတော့မယ့် အခြေအနေပါ။ ဟိုနေ့က တပ်မကို ချခဲ့တာ အကြီးကြီးနှစ်လုံး မပေါက်သေးဘူး။ ဒီနေ့ ထပ်လာကြဲနေပြန်ပြီ။ အသံက အကျယ်ကြီး ကြားနေရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကော်မရှင်သည် တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း အခြားတစ်ဖက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့ကို နေ့စဉ် ဂျက်ဖိုင်တာ၊ Y-12 များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်ကလည်း မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ရွာကို စစ်ကော်မရှင်က နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး သံဃာများအပါအဝင် ရွာသား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။
