မင်းအောင်လှိုင် ဦးဆောင်သော အတုအယောင်အစိုးရသည် ၎င်းတို့အာဏာရယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၆၀ ကို ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ဖြင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း သိရသည်။
ဧပြီလ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါအမိန့်သည် အတုအယောင် သမ္မတရုံးမှ ထုတ်ပြန်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲအပြီး ဒီမိုကရေစီအရေခြုံထားသော်လည်း မြေပြင်တွင်မူ စစ်အာဏာရှင်စနစ်အတိုင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို စစ်တပ်လက်ထဲသို့ အလုံးစုံ ပြန်လည်အပ်နှင်းလိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး ထပ်မံတိုးချဲ့လာမှုအပေါ် မြေပြင်ရှိ တော်လှန်ရေးရဲဘော်များကမူ စစ်တပ်သည် မြေပြင်စစ်ရေးတွင် အရေးနိမ့်နေခြင်းကို ဖုံးကွယ်ရန်နှင့် ပြည်သူများကို ဥပဒေမဲ့ ဖိနှိပ်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု သုံးသပ်ကြသည်။
“ဒါဟာ သူတို့ မြေပြင်မှာ အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေတာကို ဝန်ခံလိုက်တာပဲ။ စစ်အုပ်ချုပ်ရေးဆိုတာ နာမည်ပဲရှိတာ၊ ကျနော်တို့ဘက်ကတော့ မြေပြင်မှာ စစ်ရေးအရှိန်ကို လျှော့မှာမဟုတ်ဘူး။ သူတို့က ပြည်သူကို ဓားစာခံလုပ်ပြီး ဆက်နှိပ်စက်ဖို့ လမ်းဖွင့်လိုက်တာပဲ” ဟု ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အခြား ရဲဘော်တစ်ဦးကလည်း “ဒီမိုကရေစီဆိုပြီး ဟန်ပြနေပေမဲ့ ဘန်ကာတွေထဲမှာ သေနတ်တွေနဲ့ စောင့်နေတုန်းပဲ။ အခု စစ်အုပ်ချုပ်ရေးထုတ်လိုက်တာကတော့ သူတို့ရဲ့ ပင်ကိုယ်ဗီဇအတိုင်း အကြမ်းဖက်ဖို့ သက်သေပြလိုက်တာပါပဲ” ဟု ဆိုသည်။
စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် မြို့နယ် ၄၈ မြို့နယ်သည် ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေမြို့နယ်၊ ကယားပြည်နယ်တွင် ရှားတော၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ချင်းပြည်နယ်တွင် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်းမြို့နယ်တို့ဖြစ်သည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ငါန်းဇွန်မြို့နယ်တို့ဖြစ်သည်။
ယင်းအပြင် ရခိုင်ပြည်နယ်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ ပါဝင်ပြီး ၊ ရှမ်းပြည်နယ်တွင် နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ သီပေါ၊ ကွမ်းလုံ၊ မုန်းတုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုင်းမော၊ ကျောက်မဲ၊ နမ့်ဆန်၊ သီပေါနှင့် မိုင်းလားမြို့နယ်တို့ ဖြစ်သည်။
ယခုထုတ်ပြန်ချက်သည် ဧပြီ ၂၃ ရက်မှစတင်ကာ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှတစ်ဆင့် စစ်ဘက်အာဏာပိုင်များကို အကန့်အသတ်မရှိ လုပ်ပိုင်ခွင့် ပေးအပ်ထားခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အတုအယောင်အစိုးရအမည်ဖြင့် ပထမဆုံးအကြိမ် ထုတ်ပြန်လာသည့် ဤစစ်အုပ်ချုပ်ရေးအမိန့်သည် နိုင်ငံတကာ၏ ဖိအားကို လျှော့ချရန် ကြိုးပမ်းနေသည့် မင်းအောင်လှိုင်၏ လုပ်ရပ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ပြည်တွင်းစစ်ကြောင့် နိုင်ငံအနှံ့ အထိနာနေသည့် စစ်တပ်သည် ဤစစ်အုပ်ချုပ်ရေးမှတစ်ဆင့် နယ်မြေထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း မြေပြင်တော်လှန်ရေးအင်အားစုများကမူ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု သိရသည်။
