ပျက်ကျ ပါရာမော်တာပေါ်မှ စစ်သား ၂ ဦး ဒဏ်ရာရ

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - ပေါက်နှင့် မြိုင်အစပ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်သဖြင့် ပါရာမော်တာတစ်စင်း ပျက်ကျခဲ့စဉ်။(ပုံဟောင်း)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်အတွင်း စက်ချို့ယွင်းပြီး ပျက်ကျခဲ့သော ပါရာမော်တာတစ်စင်းပေါ်မှ စစ်သား၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၃ ရက်၊ ည ၁၁ နာရီ ၅ မိနစ်တွင် ပခုက္ကူတပ်မ ၁၀၁ မှ တက်လာသည့် ပါရာမော်တာ (စက်တပ်‌ လေထီး)တစ်စင်းသည် စက်ချို့ယွင်းကာ ည ၁၁ နာရီ ၁၂ မိနစ်ခန့်၌ ယင်းတပ်ဝင်းတွင်ပင် ပျက်ကျ ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Magway District News ထံက သိရသည်။

“အတက်မှာ စက်ချို့ယွင်းပြီး ပျက်ကျတာဗျ။ ၂ ကောင်လုံး ထိပြီး မထနိုင်ဘူးလို့ သိရပါတယ်ဗျ။ သေတော့မသေဘူးလို့ သိရတယ်ဗျ။ တပ်ရင်းဝင်းထဲမှာပဲ ပျက်ကျတာလို့ သိရတယ်ဗျ”ဟု Magway Division News (MDN) ပြန်ကြားရေးတာဝန်ခံ Azad က MPA သို့ပြောသည်။

ဒဏ်ရာရ ပါရာမော်တာ မောင်းနှင်သူ၂ဦး၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးပေ။

ဇန်နဝါရီ ၂၆ ရက်၊ နံနက် ၈ နာရီခန့်တွင်လည်း ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ တက်လာသည့် ပါရာမော်တစ်တစ်စင်း ယင်း ကပစ အနီးရှိ မုန်တိုင်ချောင်း စစ်တပ်ဂိတ်အနီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့သေးသည်။

၂၀၂၅ ခုနှစ် ဇူလိုင်တွင်လည်း မုံရွာ နမခ အနီး ပါရာမော်တာ(စက်တပ်လေထီး) တစ်စင်းပျက်ကျပြီး မောင်းနှင်သူ ၂ ဦး သေဆုံးခဲ့သေးသည်။