အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် တော်လှန်ရေးအင်အားစုများကို သပ်လျှိုသွေးခွဲရန်သာဖြစ်ကြောင်း NUCC ထုတ်ပြန်

အကြမ်းဖက်စစ်ကော်မရှင်က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် တော်လှန်ရေးအင်အားစုများကို သပ်လျှိုသွေးခွဲရန်နှင့် ၎င်းတို့၏ ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရန် ကြိုးပမ်းသည့် အတုအယောင်ဖိတ်ခေါ်မှုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ယနေ့(ဧပြီ ၂၄ရက်)တွင် သဘောထားထုတ်ပြန်ထားသည်။

စစ်ကော်မရှင်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းအပေါ် NUCC က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါဖိတ်ခေါ်မှုသည် စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားပြီဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA လမ်းကြောင်းကို အသုံးပြုကာ နိုင်ငံရေးအရ တရားဝင်မှုရရှိရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု ဆိုသည်။

စစ်ကော်မရှင်၏ ဖိတ်ခေါ်ချက်တွင် “ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးရန်” ဟု ပါရှိသော်လည်း အမည်ခံ NCA လုပ်ငန်းစဉ်ကို အခြေခံထားခြင်းမှာ ၎င်းတို့စိတ်ကြိုက် ခြယ်လှယ်နိုင်ရန် ကြိုတင်ကန့်သတ်ထားခြင်းဖြစ်ပြီး ပြည်သူလူထုလိုလားသည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လုံးဝဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း NUCC က ထောက်ပြထားသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် ရှေ့ဆက်လုပ်ဆောင်မည့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကိုလည်း NUCC က ထပ်လောင်းအတည်ပြုခဲ့ပြီး ယင်းတို့မှာ မြန်မာစစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ရွေးကောက်ခံအရပ်သားအစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရန်၊ မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုဖော်ဆောင်ရန် တို့ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ သမိုင်းကြောင်းအရ စစ်တပ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အာဏာဆက်လက်ဆုပ်ကိုင်ထားရန် လက်နက်သဖွယ် အသုံးပြုခဲ့ပြီး စစ်အာဏာသိမ်းမှုများဖြင့်သာ အဆုံးသတ်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကော်မရှင် နိုင်ငံရေးဦးဆောင်မှုတွင် ရှိနေသရွေ့ ပြည်သူ့လိုလားချက်များ ရရှိနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူများ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများ၏ အရင်းအမြစ်မှာ စစ်တပ်က နိုင်ငံရေးတွင် ပါဝင်နေမှုကြောင့်ဖြစ်ပြီး နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုမရှိမှသာ နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်မည့် လမ်းစပွင့်လာမည်ဖြစ်ကြောင်း NUCC က ဆိုထားသည်။

သို့ဖြစ်ပါ၍ တော်လှန်ရေးအင်အားစုများအနေဖြင့် ဘုံနိုင်ငံရေးသဘောတူညီချက်များဖြင့် စုစည်းရပ်တည်ကာ ဆက်လက်တိုက်ပွဲဝင်ကြရန် NUCC က အလေးအနက်တိုက်တွန်းထားပြီး၊ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းသည်အထိ ပြည်သူနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု အခိုင်အမာ ထုတ်ပြန်ကြေညာထားသည်။