နာမည်ကျော် ဘီလူးကျွန်းဘုရားပွဲများသို့ ဧည့်အလာ ထက်ဝက်ကျော် ကျ

ဓာတ်ပုံ-ချောင်းဆုံ လူမှုကွန်ရက်
ပုံစာ- ဘုရားပွဲလာသူများနှင့် ဧည့်ခံကျွေးမွေးမှုများ။

ဧပြီလအတွင်း ဆက်တိုက်ကျင်းပနေသော နာမည်ကျော်ဘီလူးကျွန်းဘုရားပွဲများမှာ ယခုနှစ်တွင် ဧည့်အလာ ထက်ဝက်ကျော် ကျဆင်းသွားကြောင်း သိရသည်။

မွန်ပြည်နယ်၊ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)တွင် နှစ်စဉ် ဧပြီ၁၀ရက်မှစတင်ကာ ကဆုန်လပြည့်နေ့ အထိ တစ်ရွာပြီး တစ်ရွာ ကျင်းပလျက်ရှိသော ဘုရားပွဲများမှာ ကိုဗစ်မတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက ဧည့်အလာ ထက်ဝက်ကျော် လျော့နည်းသွားကြောင်း ဒေသခံအချို့ထံက သိရသည်။

“လုံခြုံရေးအခြေအနေကြောင့် ပြည်တွင်း၊ပြည်ပ ရပ်ဝေးရောက်နေတဲ့ ဘီလူးကျွန်းသားတွေ ဒီနှစ်မှာ လုံးဝ ပြန်မလာသလောက်ပဲ။ပြီးတော့ ဆီပြဿနာကြုံနေရတာရောပေါ့။သင်္ကြန်တွင်းက ဘီလူးကျွန်း မှာ ဓာတ်ဆီတစ်လီတာ ၂သောင်းလောက်ပေးရတယ်။အဲဒါကြောင့် မော်လမြိုင်တို့ဘာတို့ အနီးမြို့က ဧည့်တွေတောင် ဘုရားပွဲလာတာ နည်းတယ်”ဟု ချောင်းဆုံမြို့နယ်၊မုရစ်ကြီးရွာသူတစ်ဦးက MPAသို့ ပြောသည်။

ဘီလူးကျွန်းရှိ ဘုရားပွဲကျင်းပသည့်ရွာမှ အိမ်တိုင်းသည် မုန့်မျိုးစုံ၊ဟင်းလျာအစုံအလင်ဖြင့် ၎င်းတို့နှင့် မသိသော ဧည့်သည်များကိုလည်း ကျွေးမွေးလေ့ရှိပြီး အိမ်ပေါ်တက်လာသောဧည့်သည်များအားလုံး ထမင်းစားပြီးပြန်မှ အိမ်ရှင်တို့က ကျေနပ်ကြကြောင်း သိရသည်။

“ဒီနှစ် ဘုရားပွဲရွာတိုင်းပဲ ဧည့်သည်အလာနည်းလို့ ချက်ထားပြုတ်ထားသမျှ အိမ်တိုင်း ပိုလျှံကြ တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဘီလူးကျွန်းတွင် နှစ်စဉ် သတ်မှတ်ရက်၌ ရွာအလိုက်ဘုရားပွဲကျင်းပခြင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ကျော်ကတည်းက ဖြစ်ပြီး ဘီလူးကျွန်းတံတား တည်ဆောက်ပြီးနောက် ၂၀၁၈ခုနှစ်သင်္ကြန်မှစ တင်ကာ ဒေသတွင်း ထင်ရှားသည့်ဘုရားပွဲများဖြစ်လာကာ ဧည့်သည်အများအပြားလာရောက်ခဲ့ကြ ကြောင်း ချောင်းဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်သားတစ်ဦးက ပြောသည်။

“မော်လမြိုင်နဲ့ တံတားထိုးပြီးတဲ့အခါကျတော့ ကျနော်တို့ဘုရားပွဲကို မော်လမြိုင်၊ပေါင်၊ကျိုက်မရော ဘက်က နီးတဲ့မြို့တွေကလည်း လာကြတယ်။အဝေးရောက်နေတဲ့ ဘီလူးကျွန်းသားတွေလည်း သင်္ကြန်ဆို ပြန်လာကြတယ်။ဟိုး…အရင်ကတည်းက သူတို့နဲ့အတူ သူတို့မိတ်ဆွေတွေ အလည်ခေါ် လာကြတယ်။တံတားဖွင့်ပြီးတော့ ဘီလူးကျွန်းအလည်လိုက်လာတဲ့ ဧည့်သည်တွေ ပိုများလာတော့ ပို စည်တယ်”ဟု ၎င်းက ပြောသည်။

ဘီလူးကျွန်းရှိ လူငယ်အများစုမှာ အဓမ္မစစ်မှုထမ်းရန်ကြောင့် နိုင်ငံရပ်ခြားသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာကာ အလုပ်လုပ်ကိုင်နေကြပြီး လုံခြုံရေးအရ သင်္ကြန်ကာလတွင် အိမ်မပြန်ရဲကြပေ။
ထို့ကြောင့် ယခုနှစ်ဘုရားပွဲများတွင်လည်း လူငယ်များ မရှိကြောင်းနှင့် နှစ်ဆန်းတစ်ရက်နေ့ကျင်းပ သော ကျိုက်သုတ်ဘုရားပွဲသာလျှင် လူများကြောင်း သိရသည်။

“ကျိုက်သုတ်ဘုရားပွဲကတော့ အရင် ကိုဗစ်မတိုင်ခင်ကနဲ့ နှိုင်းယှဉ်ရင် လူလေးပုံသုံးပုံလောက် လာ တယ်။ကျန်တဲ့ဘုရားပွဲတွေကလည်း အလွန်ဆုံး တစ်ဝက်လောက်ပဲ။လျှပ်စစ်မီးလည်း မလာတော့ ဘုရားပွဲအိမ်တွေ ချက်ပြုတ်ရတာတောင် တော်တော်တိုင်ပတ်တယ်”ဟု ချောင်းဆုံမြို့ အရှေ့ပိုင်းသား ကဆိုသည်။

ယနေ့(ဧပြီ၂၅ရက်)သည် တောင်စွန်းရွာဘုရားပွဲဖြစ်ပြီး ဧပြီ၂၆ရက်မှာ ကလွီရွာဘုရားပွဲဖြစ်ကာ ကဆုန်လပြည့်တွင် ကျင်းပမည့် မုခနီးရွာဘုရားပွဲသည် အပိတ်ဘုရားပွဲဖြစ်သည်။

ဘီးလူးကျွန်း(ချောင်းဆုံမြို့နယ်)သည် ရေပတ်လည်ဝိုင်းလျက်ရှိသော ကျွန်းကြီးဖြစ်ပြီး မော်လမြိုင်မြို့နှင့် ချိတ်ဆက်ထားသည့် ဘီလူးကျွန်းတံတားကို NLDအစိုးရလက်ထက် ၂၀၁၇ခုနှစ်၊ မေလတွင် ဖွင့်လှစ်ခဲ့သည်။