ဘိုဒါးတပ်စခန်းကို ဒရုန်းဗုံးဖြင့် ဖျက်ဆီးနိုင်ခဲ့သဖြင့် စစ်သားများ မနေရဲတော့ဘဲ ထွက်ပြေး

ဓာတ်ပုံ-KNU မြိတ်-ထားဝယ်ခရိုင်
ပုံစာ-ဘိုဒါးစခန်းကို ဗုံးကြဲတိုက်ခိုက်စဉ်။

တနင်္သာရီတိုင်း ၊ ဘုတ်ပြင်းမြို့နယ်၊ ဘိုဒါးတပ်စခန်းရှိ အခိုင်အမာတည်ဆောက်ထားသော ဘန်ကာ နှင့် အဆောက်အအုံများကို ဒရုန်းဗုံးများဖြင့် တိကျစွာဖျက်ဆီးနိုင်ခဲ့သဖြင့် စစ်သားများ ဆက်မနေရဲတော့ဘဲ ထွက်ပြေးသွားကြောင်း လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးဌာနကြီး SSTF DRONE FORCE က သတင်းထုတ်ပြန်သည်။

ဘိုဒါးတပ်စခန်းကို ဧပြီ၁၈ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲပြီး မြေပြင်မှ ထိုးစစ်ဆင်ခဲ့ရာ စစ်သား၃ဦးသေဆုံး ပြီး ၄ဦးဒဏ်ရာရခဲ့ကြောင်း ဧပြီ၂၀နှင့် ၂၁ရက်တို့တွင်လည်း ဒရုန်းဗုံးများ ကြဲချခဲ့ရာ ယင်းစခန်းရှိ ဘန်ကာနှင့် ရိက္ခာသိုလှောင်ထားသည့်နေရာများကို ဖျက်ဆီးနိုင်ခဲ့ကာ စစ်သား၂ဦးသေ၊၂ဦးပြင်းထန် ဒဏ်ရာရခဲ့ကြောင်း SSTF DRONE FORCE က ထုတ်ပြန်သည်။

ယင်းစခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးထံ ဆက်သွယ်မေး မြန်းခဲ့ရာ“အခုလောလောဆယ်အချိန်ထိကတော့ ကေအဲန်ယူနဲ့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားတဲ့အ တိုင်းပါပဲ”ဟု MPAသို့ပြောသည်။

ဧပြီ၂၄ ရက်၊ ညနေ ၃ နာရီခန့်တွင် ဘုတ်ပြင်းမြို့နှင့် ပြည်ကြီးမဏ္ဍိုင်မြို့အကြား ပြည်ထောင်စုလမ်း မပေါ်ရှိ ဘိုဒါးကျေးရွာရှိ ဘိုဒါးတပ်စခန်းကို KNLA နှင့်တော်လှန်ရေး ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း ယနေ့(ဧပြီ ၂၅ ရက်) နံနက်ပိုင်း၌ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

ယင်းစခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး KNU မြိတ်-ထားဝယ်ခရိုင်ထံ MPAက ဆက်သွယ်မေးမြန်းခဲ့ ရာ မွန်းလွဲ၂နာရီခန့်အထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ဘိုဒါးစခန်းတွင် စစ်တပ်က ၂နှစ်ကျော်ကြာ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် ၄င်းတို့ဆုံးရှုံးခဲ့သော ဘိုးဒါးစခန်းကို ပြန်လည်ရယူနိုင်ရန် ထိုးစစ်ဆင်မှုများ အချိန်မရွေး ပြုလုပ်လာနိုင်သဖြင့်ပြည်သူများအနေဖြင့် စစ်ရေးသတိ၊ စစ်ရေးအသိရှိကြရန် SSTF DRONE FORCE က ဆိုသည်။

ယင်းတိုက်ခိုက်မှုကို KNLA တပ်မဟာ ၄၊ တပ်ရင်း ၂၀၃ နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များ က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။