ရေဦးမြို့အပြင်ဘက် မီတာ ၁၀၀၀ ထိသာ စစ်တပ် ဟန်ပြထွက်နိုင်တော့ဟုဆို

ဓာတ်ပုံ - ဝီကီပီဒီးယား
ပုံစာ - ရေဦးမြို့တွင်းတစ်နေရာ (ပုံဟောင်း)

ရေဦးမြို့အပြင်ဘက် မီတာ ၁၀၀၀အကွာထိသာ စစ်တပ် ဟန်ပြထွက်နိုင်တော့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်အုပ်စုဝင်များသည် မြို့ပြင် မီတာ ၁၀၀၀အကွာအထိသာ စစ်ကြောင်းထွက်နိုင်ပြီး မိုင်းဆွဲခံရလျှင် မြို့ထဲသို့ ပြန်ဝင်သွားလေ့ရှိကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။

” သူတို့ မိုင်းကွင်းတွေကြောက်လို့ရှေ့ဆက်မတိုးရဲတာလား။ ဒါမှမဟုတ် သူတို့ကိုယ်၌ကိုက စိတ်မပါ လို့ ဝတ္တရားကျေ အထွက်ပြတဲ့သဘောမျိုးပဲလား။ ဒီနှစ်ချက်ထဲကတစ်ချက်ပဲ။ အခုရသေ့ဘုန်းကြီး‌ ကျောင်းဆိုလို့ရှိရင် ရေဦးမြို့အဝင်ဆိုင်းဘုတ်ကနေ ထွက်လာလို့ရှိရင် မီတာ ၂၀၀ကျော်လောက်ပဲ ဝေးတယ်။ ရသေ့ဘုန်းကြီးကျောင်းပြီးတော့ အဲ့မြောက်ဘက်ကရွာ။ ဘုန်းကြီးကျောင်းထဲထိပဲ ရောက်တယ်။ ရွာထိမရောက်ဘူး။ ကျနော်တို့မိုင်းဆွဲလိုက်တိုင်းလည်း အဲ့နားလေးဝန်းကျင်ပဲ မိုင်းမိတယ်။ အဲ့နားလေးမိုင်းမိပြီး ပြန်လှည့်သွားတယ်” ဟု ရေဦးမြို့နယ်ပကဖတာဝန်ခံက MPA သို့ပြောသည်။

ယင်းသို့ စစ်ကြောင်း ဟန်ပြထွက်နေသည်မှာ ယခုလအတွင်း၌ ၁၅ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

” ဒီလထဲကို အကြိမ်ရေ ၁၀ကြိမ်၊ ၁၅ကြိမ်လောက်တော့ရှိပြီ။ မြို့ခြေထွက်လာလိုက်။ မီတာ ၂၀၀ ၃၀၀၊ ၇၀၀၊ ၁၀၀၀ အဲ့ဝန်းကျင်လေးထွက်လာလိုက်။ ပြန်ဝင်သွားလိုက်” ဟု ၎င်းက ဆက်လက်ပြောသည်။

မြို့ပတ်ချာလည်ကျေးရွာများမှ ပြည်သူများမှာ စစ်ကြောင်းထွက်လာလျှင် ယာယီထွက်ပြေးတိမ်း ရှောင်ရသည်။

ရေဦးမြို့မရဲစခန်း၊ တိုင်းရင်းဆေးရုံ၊ ထွေအုပ်ရုံး၊ လဝကရုံး၊ ကြာဖူးဝိုင်းဂိတ်၊ ဂါဝီပန်းခြံ၊ ရေဦးတံတားထိပ်၊ ရွှေကျီးမင်းဂိတ်နှင့် ဟိန်းဆီဆိုင်တို့တွင် စစ်အုပ်စုဝင်များဖြန့်ကျက်နေထိုင်ပြီး စုစုပေါင်း အင်အား ၂၅၀ဝန်းကျင်ရှိကြောင်းသိရသည်။

ယနေ့ (စက်တင်ဘာ ၁၇ရက်) နံနက် ၈နာရီ မိနစ် ၂၀ခန့်တွင် ရေဦးမြို့မြောက်ဘက်သို့ ထွက်လာသည့် အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းကို မြို့အထွက် ဆိုင်းဘုတ်အနီး၌ မိုင်းတစ်ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၂ဦးပြင်းထန်ဒဏ်ရာရရှိကာ မြို့ထဲသို့ ပြန်ဝင်သွားကြောင်းသိရသည်။

” ၂ယောက်ကတော့ ကားနဲ့လာသယ်သွားတယ်။ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ဆေးရုံမှာ ကုနေတယ်။ သေဆုံးအဆင့်ထိတော့ ရောက်မယ့်သဘောရှိတယ်။ အသည်းအသန်ကုနေတာဆို တော့” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက်ကလည်း ရေဦးမြို့မြောက်ဘက်ရှိကျေးရွာများကို စစ်ကြောင်းထိုး ရန်အတွက် ဂါဝီပန်းခြံဂိတ်၌ စုဖွဲ့နေစဉ် PDFပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးအပါအဝင် ၆ဦးသေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄တပ်ရင်းက သတင်းထုတ်ပြန်သည်။

စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။