တရားမဝင် မွန်ပြည်နယ် လွှတ်တော်အမတ်များ ညှိနှိုင်းဆွေးနွေးပွဲများသို့ ဝန်ကြီးချုပ်ပြုတ် အောင်ကြည်သိန်း တက်ရောက်ခြင်းမရှိကြောင်း သိရသည်။
ဧပြီ၂၃ရက်တွင် တရားမဝင်မွန်ပြည်နယ်လွှတ်တော်အမတ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ခဲ့ပြီး ဧပြီ၂၄ရက်တွင် မွန်ပြည်နယ်လွှတ်တော်ကော်မတီများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ ရာ ဝန်ကြီးချုပ်ပြုတ် လွှတ်တော်အမတ် အောင်ကြည်သိန်း တက်ရောက်ခြင်းမရှိကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ဝန်ကြီးချုပ်ဘဝကနေ သာမန်လွှတ်တော်အမတ်ဖြစ်သွားတော့ အရှက်ရတာရော၊သိမ်ငယ်တာရော၊ စိတ်ကောက်နေတာရောပေါ့။အောင်ကြည်သိန်းက စိတ်ကောက်တတ်ပါတယ်။ဝန်ကြီးချုပ်ဘဝတုန်း က သူစိတ်ကောက်တဲ့ဒဏ်ကို တော်တော်ခံကြရတယ်”ဟု ၎င်းက MPAသို့ပြောသည်။
အောင်ကြည်သိန်းသည် တရားမဝင်မွန်ပြည်နယ်အရပ်သားအစိုးရမဖွဲ့မီက ၎င်းဝန်ကြီးချုပ် ဆက်မဖြစ်တော့မှာ သေချာနေပြီးနောက် ဝန်ကြီးတစ်နေရာ ပေးသနားရန် နေပြည်တော်စစ်ဗိုလ်ချုပ် တို့ထံ အသနားခံခဲ့သေးကြောင်း ဒေသတွင်းကြံ့ဖွံ့ရပ်ကွက်မှ သတင်းထွက်ပေါ်ခဲ့သေးသည်။
“အဓိကက မွန်ပြည်နယ်မှာ ကြံ့ဖွံ့က အပြတ်အသတ်မနိုင်တဲ့အမှုပဲ။ပြီးတော့ အောင်ကြည်သိန်းကိုယ် တိုင်ကိုက မဲခိုးလို့သာ မွန်အမတ်(မွန်ညီညွတ်ရေးပါတီအမတ်)ကို ကပ်နိုင်ခဲ့တာကိုး။အဲဒါကို သူနဲ့ပြိုင် ဘက် ပြည်နယ်ကြံ့ဖွံ့ကလူတွေကို နေပြည်တော်ကို ဝိုင်းတိုင်ကြလို့ ဝန်ကြီးချုပ်ကနေ ပြုတ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
အောင်ကြည်သိန်းသည် လက်ရှိမွန်ပြည်နယ်ကြံ့ဖွံ့ဥက္ကဌဖြစ်ပြီး နေပြည်တော်က ငြိုငြင်နေပြီဖြစ်၍ ယင်းရာထူးပင် ပြုတ်နိုင်ကြောင်း ကြံ့ဖွံ့ပါတီတွင်း ပြောဆိုနေကြသည်ဟု သိရသည်။
အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာမှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့သည်။
မွန်ပြည်နယ်လွှတ်တော်တွင် ကြံ့ဖွံ့က ၁၁နေရာအနိုင်ရခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၇နေရာဖြင့် ဒုတိယအများဆုံးအနိုင်ရခဲ့သည်။
