ဖားကန့် – ကာမိုင်းလမ်းတွင် စစ်တပ်ပစ်ခတ်၍ ခရီးသွား အမျိုးသမီးတစ်ဦး သေဆုံး

ဓာတ်ပုံ - ပေးပို့
ပုံစာ - စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံး‌သွားသော အမျိုးသမီး။

ဖားကန့် – ကာမိုင်းလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသည့် ကားတစ်စီးကို စစ်တပ်ကပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၅ရက်၊ မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့် – ကာမိုင်းလမ်းပိုင်းတွင် နန့်ယားကျေးရွာအခြေစိုက် စစ်သားများက ကားတစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ဟောင်ပါးအုပ်စု ဆုံစည်းမှော်ကနေ ဖားကန့်ကိုတက်လာတာ။ သေဆုံးသူက နားထင်ကို ကျည် ထိပြီးသေဆုံးတာလို့တော့ ယူဆရပါတယ်။ အလောင်းလည်း ပြန်ရပါတယ်။ နာရေးလုပ် နေတယ်။ ဒဏ်ရာရသူက ခေါင်းကိုနည်းနည်းထိတာ။ အရမ်းတော့ မစိုးရိမ်ရဘူး။ ဆေးကုသပြီး သူ့နေရပ်သူ ပြန်သွားပါပြီ ” ဟု ယင်းဖြစ်စဉ်ကို သိရှိထားသည့် ဖားကန့်မြို့ခံတစ်ဦးက MPA ကို ပြောသည်။

သေဆုံးသူမှာ မရွှေစင်ဦး(၃၆နှစ်)ဖြစ်ပြီး ဒဏ်ရာရရှိသည့် အမျိုးသား၏ ချွေးမဖြစ်ကြောင်း သိရသည်။

” စစ်တပ်က နန့်ယားကျေးရွာနဲ့ ကာမိုင်းလမ်းကြောတစ်ကြောလုံးကို ထိန်းချုပ်ထားတာဖြစ်တယ်။ ဒီလမ်းပိုင်းမှာ စစ်ရေးက အချိန်မရွေးဖြစ်ပွားနိုင်လို့ ပြည်သူတွေ မသွားလာကြဖို့ KIA က စာထုတ် ထားတာရှိတယ်။ လမ်းပိတ်တာက KIA ဆိုပေမဲ့ လမ်းကို စိုးမိုးထားတာက စစ်တပ်ဗျ။ ပြည်သူတွေ ကတော့ လမ်းပေါ်မှာ သွားလာနေကြဆဲပါ။ ဖြစ်ခါမှဖြစ်ပေါ့။ ကုန်ကားတွေလည်း တက်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖားကန့် – ကာမိုင်းလမ်းပိုင်း၌ တိုက်ပွဲဖော်ဆောင်နိုင်သည့် အခြေအနေရှိသည့်အတွက် ပြည်သူလူထု အနေဖြင့် ဧပြီ ၂၂ရက်မှ စတင်ကာ သွားလာခြင်းမပြုကြရန် KIA က စာထုတ်ပြန်ထားသော်လည်း ဧပြီ ၂၅ ရက်ညပိုင်းအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။