နမ္မတီး၊ စိန်ထရေဇား စစ်ရှောင်စခန်း လေ‌ပြင်းကြောင့် ပျက်စီး

ဓာတ်ပုံ - Lawa Parish Youth
ပုံစာ - စိန်ထရေဇား စစ်ရှောင်စခန်းတွင်း မိုးကြီးလေထန်သဖြင့် အဆောင်များ ပျက်စီးခဲ့ပုံ။

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့နယ် ၊ နမ္မတီးမြို့ စိန်ထရေဇား စစ်ရှောင်စခန်းမှ ဝတ်ပြုဆောင် ၊ မူကြိုကျောင်းနှင့် လူနေအဆောင် ၂၀ ခန့် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၅ ရက်၊ ည ၁၀ နာရီခန့်မှစတင်၍ တစ်နာရီနီးပါးကြာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ္မတီးမြို့ သကြားစက်ဝင်းအတွင်းရှိ စိန်ထရေဇား စစ်ရှောင်စခန်းမှ အဆောင် များ ပျက်စီးခဲ့ကြောင်း Lawa Parish Youthက ယနေ့(ဧပြီ ၂၆ ရက်) သတင်းထုတ်ပြန်သည်။

“ဘုရားဝတ်ပြုဆောင် တစ်ခု ၊ စတိုခန်း မီးဖိုဆောင် နဲ့ မီးစက်ခန်းတွေပါတယ်။ ဒီနှစ်နွေမှ ဆောက်တဲ့ အဆောင်သစ်တွေက အမိုးလန်တာတော့အများစုပါ။ မနှစ်ကဆောက်တဲ့ အဆောင် တွေတော့ ပြုပြင်ရင်အသစ် နီးပါးကုန်ကျနိုင်ပါတယ်။ လူထိခိုက်မှုတော့ မကြားမိသေးဘူးခင်ဗျ။ သကြားစက်ဝင်းက မြို့ပေါ်မှာပဲခင်ဗျာ”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံပြည်သူတစ်ဦးက MPA သို့ပြောသည်။

ယင်းစစ်ရှောင်စခန်းတွင် လဝါးကတ်သလစ် အသင်းသားများ အများဆုံး နေထိုင်လျက်ရှိပြီး စစ်ဘေးရှောင်ဦးရေနှင့် စစ်ဘေးရှောင်တို့၏ မူရင်းဇာတိကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

“လုံးချင်းအဆောင်ငယ် ၂၀ ခန့်နဲ့ မူကြိုကျောင်းဆောင်တစ်ခု ၊ စစ္စတာ ကျောင်းဆောင်ငယ် တစ်လုံးနဲ့ ဘုရားဝတ်ပြုဆောင် အဆောင်တွဲ အနည်းငယ် ပျက်စီးကြောင်း အကြမ်းဖျင်း သိရပါတယ်။ အခုတော့ ရှိတာလေးတွေနဲ့ဝိုင်းဝန်း ဖာထေးနေကြပါတယ်”ဟု ၎င်းကဆက် လက်ပြောသည်။

အဆောင်ပျက်စီးမှုများ ပြန်လည် ပြုပြင်တည်ဆောက်ရန်အတွက် အကူအညီများ လိုအပ်နေ ကြောင်းလည်း သိရသည်။