အကျိုးအမြတ်ကြောင့် ကျားဖြန့်ဂိုဏ်းများကို အော်ပရေတာများ လစ်လျူရှုထားဟု ဝေဖန်ခံနေရ

ဓာတ်ပုံ-လူမှုကွန်ရက်

ဆင်းကတ် အသုံးပြုရာမှ ရရှိသည့် အကျိုးအမြတ်များကြောင့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများကို တားဆီးရန် တယ်လီဖုန်း အော်ပရေတာများဘက်က ထိထိရောက်ရောက် မလုပ်ခြင်းဖြစ်ကြောင်း နည်းပညာနယ်ပယ်အတွင်း လုပ်ကိုင်နေသူများ၏ ပြောဆိုမှုအရ သိရသည်။

အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ကိုင်သူများသည် Atom၊ MPT တို့ကဲ့သို့ ပုဂ္ဂလိက မိုဘိုင်းဖုန်း အော်ပရေတာများ၏ ဆင်းကတ်များကို အသုံးပြု၍ လိမ်လည်မှုများကို လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရသည်။

အွန်လိုင်းကျားဖြန့် ဂိုဏ်းများသည် မိုဘိုင်းဖုန်းအော်ပရေတာများထံမှ ဆင်းကတ် ရာပေါင်းများစွာကို တစ်ပြိုင်နက် အသုံးပြု၍ ငွေကြေးလိမ်လည်မှုများကို ပြုလုပ်နေခြင်းဖြစ်ပြီး အော်ပရေတာများဘက်က ပိတ်ပစ်ပါက ကတ်အသစ်များ အစားထိုး အသုံးပြုကြသည်ဟု သိရသည်။

“သူတို့က ကျွန်တော်တို့ SIM Box လို့ခေါ်တဲ့ စက်တွေကို သုံးပြီး SIM ကတ် ရာပေါင်းများစွာကို တစ်ပြိုင်နက် လူထောင်ပေါင်းများစွာဆီ ဖုန်းခေါ်တာ၊ SMS ပို့တာတွေ လုပ်ပြီး လိမ်ကြတာပါ။ အော်ပရေတာဘက်က ဒါကို တွေ့ရင် နံပါတ်ကို ပိတ်ပစ်နိုင်ပေမဲ့၊ ဂိုဏ်းတွေဘက်ကလည်း နံပါတ်အသစ်တွေကို စက္ကန့်ပိုင်းအတွင်း လဲလှယ်သုံးစွဲနိုင်တယ်လေ။ ဒီတော့ ပိတ်လည်း မထူးတာမျိုးတွေ ဖြစ်လာတာပေါ့။” ဟု ပြည်တွင်း မိုဘိုင်းဖုန်းအော်ပရေတာ တစ်ခု၌ အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ အွန်လိုင်းကျားဖြန့် လုပ်သူများ၏ များစွာသော ဖုန်းခေါ်ဆိုမှုများ၊ စာတိုပေးပို့မှုများမှတစ်ဆင့် ဝင်ငွေအများအပြား ရနေသဖြင့် မိုဘိုင်းဖုန်းအော်ပရေတာများက လိမ်လည်မှုများကို လစ်လျူရှုထားကြခြင်းဟု ဝေဖန်နေကြခြင်းဖြစ်သည်။

“ဒီကျားဖြန့်ဂိုဏ်းတွေက တစ်ရက်တစ်ရက် ဖုန်းခေါ်ဆိုတာတွေ SMS တွေ အများကြီး လုပ်ရတယ်။ အဲဒီကနေ အော်ပရေတာတွေက အမြတ်တွေ အများကြီးရတယ်။ ဒါတွေကို သူတို့ ပိတ်ပစ်လိုက်ရင် ဒီအကျိုးအမြတ်တွေ မရနိုင်တော့ဘူး။ ဒါကြောင့် သူတို့ ထိထိရောက်ရောက် မတားကြတာမျိုးပေါ့” ဟု အိုင်တီ နည်းပညာကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

ထို့ပြင် အော်ပရေတာများသည် ၎င်းတို့ ဆင်းကတ်များကို ကျားဖြန့်ဂိုဏ်းများ အသုံးပြုနေသဖြင့် ကတ်ပိတ်ပစ်ခြင်းများ ပြုလုပ်ပါက စီးပွားရေးအရ တွက်ခြေမကိုက်တော့သည့်အပြင် ၎င်းတို့၏ ဆင်းကတ်သုံးပြီး လိမ်လည်နေကြောင်း သက်ဆိုင်ရာဘက်က သိပါက ဒဏ်ကြေး အမြောက်အမြား ပေးဆောင်ရခြင်းများလည်း ရှိသည်ဟု သိရသည်။

ယင်းအချက်သည် မိုဘိုင်းဖုန်းအော်ပရေတာများသည် အွန်လိုင်းကျားဖြန့်များအား လစ်လျူရှုထားရခြင်းများထဲမှ အဓိကအချက်တစ်ခုဟုလည်း သိရသည်။

“အော်ပရေတာတွေအတွက် ဆင်းကတ်တစ်ကတ်ကို စပြီး ရောင်းရတာဟာ အမြတ်အများကြီး မရှိပါဘူး။ တကယ် အမြတ်ရတာက အဲဒီဆင်းကတ်ကို ကြာကြာသုံးပြီး ဖုန်းခေါ်တာ၊ အင်တာနက် သုံးတာတွေကနေ ရတာပါ။ ဆင်းကတ်တွေ အပိတ်ခံရတာ များလာရင် အော်ပရေတာရဲ့ System ထဲမှာ သုံးစွဲသူအရေအတွက် အတက်အကျ အရမ်းများ (Churn Rate မြင့်) လာပြီး ကုမ္ပဏီရဲ့ တည်ငြိမ်မှုကို ထိခိုက်စေပါတယ်။” ဟု မိုဘိုင်းဖုန်းအော်ပရေတာ တစ်ခုမှ အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။

ထိုအခါ ကျားဖြန့်ဂိုဏ်းများအတွက် အကျိုးဖြစ်ထွန်းသွားစေပြီး လိမ်လည်မှုများ ပြုလုပ်ရန် လွယ်ကူသွားစေသည်ဟု သိရသည်။

“သူတို့ လိမ်နေတဲ့ ‘သားကောင်’ (Victim) နဲ့ စကားပြောနေတုန်းမှာ ဆင်းကတ် အပိတ်ခံလိုက်ရရင် အဲဒီလူနဲ့ အဆက်အသွယ် ပြတ်သွားနိုင်ပါတယ်။ လူတစ်ယောက်ကို ယုံကြည်အောင် လိမ်ဖို့ဆိုတာ အချိန်ယူရတာဖြစ်လို့ ဆင်းကတ်အပိတ်ခံရတာက သူတို့အတွက် အလုပ်နှောင့်နှေးစေပါတယ်။ ကတ်အပိတ်မခံရရင်တော့ လိမ်ရတာ ပိုလွယ်သွားစေတာပေါ့” ဟု ကျားဖြန့်ဂိုဏ်းများ၌ လုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးက ရှင်းပြသည်။

အွန်လိုင်းကျားဖြန့်ဂိုဏ်းများသည် မှတ်ပုံတင်ပြီးသား ဆင်းကတ်အမြောက်အမြားကို ဝယ်ယူကာ ပြည်သူများကို လိမ်လည်ရန်အတွက် အသုံးပြုနေကြခြင်းဖြစ်ပြီး အဆိုပါ အမည်ပေါက်ပြီးသား ဆင်းကတ်များအား ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူရရှိနေနိုင်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းအော်ပရေတာများဘက်က ယင်းသို့ လိမ်လည်သည့်နေရာတွင် အသုံးပြုနေသည့် ဆင်းကတ်များကို ထိထိရောက်ရောက် ပိတ်ပင်ခြင်းများ ပြုလုပ်ပါက ကျားဖြန့်ဂိုဏ်းများကို ထိန်းချုပ်နိုင်မည်ဖြစ်သော်လည်း ၎င်းတို့၏ အကျိုးစီးပွား ထိခိုက်မည်စိုးသဖြင့် လစ်လျူရှုထားကြခြင်းလည်း ဖြစ်သည်။