စစ်တပ်က မုံရွာ – ကလေးဝ လမ်းပိုင်းရှိ ချောင်းမကျေးရွာကို အင်အား ၁၀၀၀ ဖြင့် စစ်ကြောင်းထိုး

ဓာတ်ပုံ-ADPRA
ပုံစာ - ကနီမြို့အဝင်ဆိုင်းဘုတ်အား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ – ကလေးဝ လမ်းပိုင်းရှိ ချောင်းမကျေးရွာကို စစ်ကော်မရှင်က အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇ ရက် ညပိုင်း၌ တရော်ကျင်းကျေးရွာတွင် ညအိပ်တပ်စွဲခဲ့သည့် စစ်ကော်မရှင်တပ်သည် ဧပြီ ၂၈ ရက်၊ နံနက် ၁၀ နာရီခွဲဝန်းကျင်၌ စစ်ကြောင်းနှစ်ကြောင်းခွဲကာ၊ အင်အား ၁၀၀၀ ကျော်ပါ စစ်ကြောင်းက ကနီမြို့နယ်၊ ချောင်းမကျေးရွာသို့ လက်နက်ငယ်များ ပစ်ဖောက်ကာ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

“အင်အားက တစ်ထောင်ဝန်းကျင်လို့ ခန့်မှန်းရပါတယ်။ နေ့လယ်ကဆို မှန်တောင်နားတဝိုက်ထိကို ရောက်လာတာ။ ညနေက အောင်မင်္ဂလာရောက်ပြီ ကြားတယ်၊ ချောင်းမရောက်တော့မှာ။ စစ်ကြောင်းက နှစ်ကြောင်းခွဲထိုးတာပါ။ ထိတွေ့မှုကတော့ အများကြီးမဖြစ်သေးဘူး၊ လက်နက်ငယ်တွေနဲ့ ပစ်တာတော့ ရှိတယ်” ဟု ကနီမြို့နယ်မှ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

ထိုကဲ့သို့ စစ်ကော်မရှင်က အင်အားထောင်ချီအသုံးပြု၍ မြေပြင်စစ်ကြောင်းထိုးလာခြင်းကြောင့် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ချောင်းမ၊ သင့်ဝင်၊ မင်းမ၊ သမင်ခြံနှင့် မုဌောကျေးရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

“ရာသီဥတုက မကောင်းဘူး။ စစ်ရှောင်ရတာ ဒုက္ခရောက်တယ်။ အရင်ကလည်း စစ်တပ်က ရွာထဲမှာ နင်းမိုင်းတွေ ထောင်ခဲ့သေးတယ်။ စစ်တပ်ဝင်တော့လည်း ပြေးရ၊ ကိုယ့်ရွာကိုယ် ပြန်ဝင်တော့လည်း မိုင်းကြောက်ရနဲ့ အများကြီး ဒုက္ခရောက်တယ်” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ယင်းမာပင်၊ ကနီနှင့် ပုလဲမြို့နယ်တို့တွင် စစ်ကော်မရှင်စစ်ကြောင်းများ လှည့်လည်သွားလာနေပြီး အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ရိက္ခာများ ယူဆောင်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိနေသည်။

ကနီမြို့နယ်၊ ချောင်းမကျေးရွာ တည်ရှိသည့် မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းသည် ကလေးဝမြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့အထိ ဆက်သွယ်ထားရာ စစ်ကော်မရှင်သာမက တော်လှန်ရေးတပ်များအတွက်ပါ အချက်အချာကျသည့် လမ်းပိုင်းတစ်ခု ဖြစ်သည်။

“စစ်တပ်က ပြန်တိုက်ဖို့မလွယ်အောင် မြစ်အစပ်က နတ်ကြီးနဲ့ မုဌောကို လေကြောင်းနဲ့ ထိန်းမယ်ထင်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းတွင်လည်း ချောင်းမကျေးရွာသို့ ဝင်ရောက်တပ်စွဲ နေထိုင်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့အား ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သေးသည်။