အစိုးရတုလက်ထက် ရန်ကုန်မြို့အုပ်ချုပ်ရေးယန္တရားတွင် စစ်တပ်ကသာ ဗိုလ်ကျ ထင်ရာစိုင်းနေ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-အတုအယောင် ရန်ကုန်တိုင်းအစိုးရအဖွဲ့

အရပ်သားအသွင်ပြောင်း အစိုးရတုလက်ထက်၌ ရန်ကုန်မြို့အုပ်ချုပ်ရေးယန္တရားတွင် စစ်တပ်ကသာ ဗိုလ်ကျ ထင်ရာစိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ရဲ၊ထွေအုပ်၊ဥပဒေနှင့်တရားရေးဌာနများအနေနှင့် ရန်ကုန်တိုင်းအတွင်း တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ကာ လူထုအခြေပြုရဲလုပ်ငန်းစနစ်ကို အရှိန်မြှင့်ဆောင်ရွက်ရန် တရားမဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ် အောင်နိုင်သူက ဧပြီ၂၃ရက် အစည်းအဝေးတွင် ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့ပေါ် အခြေစိုက်ကျက် စားနေသော စစ်တပ်ကသာ အုပ်ချုပ်ရေးယန္တရားတွင် ထင်ရာစိုင်း နေကြောင်း ရန်ကုန်မြို့ရဲသတင်း ရင်းမြစ်ထံက သိရသည်။

“ရန်ကုန်မှာရှိတဲ့ စစ်တပ်က အုပ်ကြီးတွေနဲ့ ပျူစောထီးတွေကို ကိုင်ထားတယ်။ ရဲတို့ ထွေအုပ်တို့ဆို တာ စစ်တပ်မပြောနဲ့ အုပ်ကြီးကိုတောင် ပြောလို့ဆိုလို့ ပြီးတာမဟုတ်ဘူး”ဟု ၎င်းက MPAသို့ပြော သည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများရှိ ဒုစရိုက်လုပ်ငန်းများကို ပျူစောထီးအသွင်ယူ လူမိုက်များက ဦး ဆောင်နေပြီး ၎င်းတို့၏ နောက်တွင် စစ်တပ်က ကျောထောက်နောက်ခံပြုထားသဖြင့် မည်သည့်ရဲ ကမှ မထိရဲကြောင်း သိရသည်။

“ရဲဆိုတာ စစ်တပ်ကို NLDလက်ထက်တုန်းကပဲ ခပ်တည်တည်ဆက်ဆံလို့ရတာလေ။အာဏာသိမ်း ပြီးတော့ စစ်တပ်က တစ်ပွင့်လောက်ကောင်က ရဲစခန်းပေါ်တက်လာပြီး စခန်းမှူးကို ပါးရိုက်သွား လည်း ခံရတာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို နယ်မြေခံစစ်တပ်က ၎င်းတို့စိတ်ကြိုက် ခန့်အပ် ထားပြီး အုပ်ချုပ်ရေးမှူးများကလည်း စစ်တပ်အားကိုးဖြင့် ယခုအချိန်ထိ မောက်မာနေဆဲဖြစ် ကြောင်း ရန်ကုန်မြို့၊လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“စစ်တပ်က ခိုင်းစရာရှိရင် အုပ်ကြီးနဲ့ ပျူတွေကို တိုက်ရိုက်ခိုင်းတယ်။ လိုင်းကြေးတွေလည်း တိုက် ရိုက်ယူတယ်။အကာအကွယ်လည်း ပေးတယ်။အဲဒါကြောင့် ရန်ကုန်မြို့ရဲ့ အခြေခံအကျဆုံးအုပ်ချုပ် ရေးယန္တရားမှာ စစ်တပ်က ရှိနေတာ”ဟု ၎င်းကဆိုသည်။

ရပ်ကွက်များအတွင်းရှိ လောင်းကစားလုပ်ငန်းများနှင့် မူးယစ်ဆေးရောင်းဝယ်သူများသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး သို့မဟုတ် ပျူစောထီးတို့ကိုလည်း လစဉ်ကြေးပေးနေရကြောင်း သိရသည်။

“အရင်က ရဲကိုပဲ လိုင်းကြေးပေးရင် ပြတ်တယ်။ဒီဘက်နောက်ပိုင်း မရတော့ဘူး။မြို့စွန်တွေက ပျူ လူမိုက်တွေကိုင်တဲ့ လောင်းကစားတွေဘာတွေဆိုရင် ရဲကို မုန့်ဖိုးလောက်ပဲ ပေးတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့ ရပ်ကွက်များအတွင်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲခြင်းကို ရပ်ကွက်အုပ်ကြီးတို့က စစ် တပ်နှင့် တိုက်ရိုက်ချိတ်ဆက်ကာ စစ်တပ်အကာအကွယ်ဖြင့် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

“ကျမတို့ရပ်ကွက်မှာ စစ်မှုထမ်းစာရင်းပါတဲ့လူငယ်တွေကို အိမ်သွားဖမ်းရင် အုပ်ကြီးက စစ်တပ် ခေါ်ပြီး သွားဖမ်းတာ။ကြားရသလောက်ဆိုရင် အုပ်ကြီးက သူ့ဘာသာဖမ်းမိထားတဲ့ လူငယ်တွေကို လည်း စစ်တပ်နဲ့ပဲ ချိတ်ပြီး ရောင်းစားနေတာ”ဟု လှိုင်မြို့နယ်၊၁၁ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။

ဧပြီ ၂၀ ရက်၊ ည ၁၀ နာရီခန့်တွင် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ ရွှေဟင်္သာလမ်းထဲသို့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်သားများ ရောက်ရှိလာပြီး ကြိုတင်ပြုစုထားသည့် နာမည်စာရင်းအတိုင်း လူငယ် ၆ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Hlaing Info က သတင်းထုတ်ပြန်ထားသည်။