စစ်တပ်သည် တစ်လတာ အကြမ်းဖက်လေကြောင်းစစ်ဆင်ရေးအတွက် လေယာဉ်ဆီဖိုး အမေရိကန်ဒေါ်လာ ၄သန်းနီးပါးသုံးစွဲခဲ့ကြောင်း Blood Money က ယနေ့(ဧပြီ၂၉ရက်)ည သတင်း ထုတ်ပြန်သည်။
လေကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် လေကြောင်းစောင့်ကြည့်ရေး ချန်နယ်များမှ ကောက်ယူထားသော အချက်အလက်များနှင့် Blood Money Campaign အဖွဲ့၏ ၃လတာ သုတေသနအချက်အလက်များအပေါ် အခြေခံကာ အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၂၅ခုနှစ်၊ ဇွန် ၁၆ မှ ဇူလိုင် ၁၅ရက်အထိ တစ်လအတွင်းစစ်တပ်က လေကြောင်းတိုက်ခိုက်ရေးအ တွက် လေယာဉ်ဆီ အင်ပီရီယာယ်ဂါလံပေါင်း ၁၅ သိန်း ၆ သောင်းကျော် (၁,၅၆၂,၇၁၇ ဂါလံ) သုံးစွဲခဲ့ကြောင်း သိရသည်။
“ဒါဟာ အရှေ့အလယ်ပိုင်းစစ်ပွဲမတိုင်ခင် ဆီဈေးနှုန်းအရဆို ကန်ဒေါ်လာ ၄ သန်းနီးပါး ($ ၃,၈၆၀,၇၃၂) သုံးစွဲခဲ့တာ ဖြစ်ပါတယ်”ဟု Blood Money ကဆိုသည်။
စစ်တပ်သည် ၂၀၂၅ခုနှစ်၊ ဇွန် ၁၆ရက် မှ ဇူလိုင် ၁၅ရက်အတွင်း တိုက်ခိုက်ရေးလေယာဉ် ၁၃၄၉ကြိမ်၊ သယ်ယူပို့ဆောင်ရေးနှင့် ဗုံးကြဲချနိုင်သည့် လေယာဉ် အကြိမ်ရေ ၉၅၀ကျော်နှင့် ရဟတ်ယာဉ်များကို ၂၂၄ကြိမ် အသုံးပြုခဲ့ကြောင်း သိရသည်။
“မင်းအောင်လှိုင်က အာဏာအတွက် ငွေကုန်မှာကို မကြောက်ဘူး။အီရန်စစ်ပွဲကြောင့် တစ်ကမ္ဘာလုံး လောင်စာဆီပြဿနာပေါ်နေတဲ့အချိန်မှာတောင် လေကြောင်းတိုက်ခိုက်မှုက လျော့မသွားဘူး။အဲဒါ ကြောင့် မင်းအောင်လှိုင် လေကြောင်းတိုက်နေတာတွေကို ချေမှုန်းနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်း က နိုင်ငံစုံ ချိတ်ဆက်မှုရှိတဲ့ လေယာဉ်ဆီ ရောင်းချမှု ပိတ်ဆို့နိုင်ရေးပဲလို့ ထင်တယ်”ဟု နယ်စပ် ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPA သို့ပြောသည်။
စစ်တပ်သည် ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုကို အများဆုံးပြုလုပ်နေပြီး လောင်စာဆီအကျပ်အတည်း ရင်ဆိုင်နေရသော မတ်လ၆ရက်မှ ၁၉ရက်အတွင်း အရပ်သားများအ ပေါ်ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ပိုမိုမြင့်တက်ခဲ့ကြောင်း ဉာဏ်လင်းသစ်သု တေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
