မိုင်းပေါက်တွင် TikTok မှတစ်ဆင့် အလုပ်အကိုင်လိမ်လည်ခေါ်ယူခံရသည့် အမျိုးသမီးတစ်ဦး ငွေကြေးအမြောက်အမြား လျော်ကြေးပေးခဲ့ရ

ဓာတ်ပုံ-MPA
ပုံစာ-"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တစ်နေရာအားတွေ့ရစဉ်

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့သို့ ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးသည် TikTok မှတစ်ဆင့် အလုပ်အကိုင်လိမ်လည်ခေါ်ယူခြင်းခံရပြီး တရုတ်ယွမ်ငွေ ၅,၀၀၀ (မြန်မာငွေ သိန်း ၃၀ နီးပါး) လျော်ကြေးပေးခဲ့ရကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကိုးကန့်ထိန်းချုပ်ရာ လောက်ကိုင်မြို့ရှိ ဂိမ်းဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး၊ ယခုတစ်ကြိမ်တွင် “ဝ” ဒေသ၊ မိုင်းပေါက်မြို့ရှိ ဂိမ်းဆိုင်တစ်ခုတွင် လစာယွမ် ၃,၀၀၀ ရမည်ဟုဆိုကာ အလုပ်လိမ်ခေါ်ခံရခြင်းဖြစ်သည်။

“အစက ဂိမ်းဆိုင်မှာ လုပ်ရမယ်၊ လစာလည်းကောင်းတယ်လို့ ပြောတယ်။ ညီမတို့လည်း အလုပ်မရှိတော့ အဲဒီဘက်ကို သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီမှာလည်း အလုပ်အဆင်မပြေလို့ ထွက်လိုက်ပြီ။ အဲဒီ TikTok က အမျိုးသမီးတစ်ဦးနဲ့ အချိတ်အဆက်လုပ်ပြီး သူစီစဉ်ပေးတဲ့ကားနဲ့ လိုက်သွားခဲ့တယ်။ ဟိုမှာရောက်တော့ အလုပ်က အသန့်မဟုတ်ဘဲ ညဘက် Date (ညအိပ်ညနေ) လိုက်ရတဲ့အလုပ်၊ သူဌေးနောက်လိုက်ရတဲ့အလုပ် ဖြစ်နေတယ်။ ကျွန်မ မလုပ်နိုင်ဘူးလို့ ပြောလိုက်တော့ ကားခ ယွမ် ၆၀၀ နဲ့ လူခေါ်ခဆိုပြီး ယွမ် ၄,၀၀၀ ကျော် လျော်ကြေးတောင်းတယ်။ ကျွန်မမှာလည်း ပိုက်ဆံမရှိတော့ အိမ်ကိုဖုန်းဆက် ငိုယိုပြီး ပိုက်ဆံတောင်းပြီး လျော်ကြေးပေးခဲ့ရတယ်။ မဟုတ်ရင် ကျွန်မကို ပေးမပြန်ဘူးလို့ ပြောတယ်။ ရဲတိုင်ရင်တောင် ငြိမ်နေဖို့ ခြိမ်းခြောက်တယ်၊ ကျွန်မကလည်း တရုတ်စကား မတတ်ဘူး။ လျော်ကြေးပေးပြီးမှ ကျွန်မကို ပြန်လွှတ်ပေးတာ ကံကောင်းတယ်လို့ပဲ ပြောရမှာပါ” ဟု ငွေလိမ်ခံရသည့် အမျိုးသမီးက ပြောသည်။

အဆိုပါအမျိုးသမီးသည် အလုပ်ပွဲစားထံ ငွေလျော်ကြေး ပေးခဲ့ရသည့်အပြင် တိုက်ခန်းတစ်ခုအတွင်း သုံးရက်ဆက်တိုက် ပိတ်လှောင်ခံခဲ့ရပြီး ခေါက်ဆွဲဘူးသာ ကျွေးမွေးခဲ့ကြောင်း ဆိုသည်။

“အသိမိတ်ဆွေ ဒါမှမဟုတ် မောင်နှမ သူငယ်ချင်းရှိမှ အလုပ်က သေချာမှာပါ။ အွန်လိုင်းပေါ်တင်တိုင်း ယုံနေရင် ဒီလိုပဲ အလိမ်ခံရမယ်။ တချို့ဆိုရင် ခေါ်တုန်းက အလုပ်တစ်မျိုး၊ ဟိုရောက်တော့ မသန့်ရှင်းတဲ့အလုပ်တွေ လုပ်ခိုင်းတယ်။ မလုပ်လို့လည်း မရဘူး၊ ပြန်စရိတ်မှ မရှိတာ။ တချို့သူဌေးတွေက ကားခစိုက်ပေးပြီး ခေါ်ကြတာလေ။ အဲဒါကြောင့် အွန်လိုင်းပေါ်က သတင်းတွေကို သေချာစုံစမ်းပြီးမှ လာကြပါ” ဟု မိုင်းပေါက်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်ဘာသာစကားနှင့် တရုတ်ငွေကို အဓိကအသုံးပြုသောကြောင့် အလုပ်ရှာဖွေရာတွင် တရုတ်စကားတတ်မြောက်မှသာ အလုပ်ရရန် လွယ်ကူကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီဘက်မှာ လာလုပ်မယ်ဆိုရင် တရုတ်စကား တတ်ရမယ်။ မတတ်လည်း ရပေမဲ့ လုပ်အားခ အနှိမ်ခံရတယ်။ ပြီးတော့ အွန်လိုင်းပေါ်ကနေ အလုပ်လိမ်ခေါ်ခံရတဲ့သူတွေလည်း ရှိတယ်။ ပွဲစားကတစ်ဆင့် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရသူတွေလည်း ရှိတယ်။ ပြည့်တန်ဆာအလုပ်ကို တမင်တကာ လုပ်နေကြတဲ့ ဗမာလူမျိုးနဲ့ တိုင်းရင်းသားတွေလည်း ရှိတယ်။ အထူးသဖြင့် သတိထားရမှာက ကျားဖြန့် (Online Scam) တွေမှာ ခဏခဏ အလိမ်ခံနေရတာတွေ အများကြီး ကြားနေရတယ်” ဟု မိုင်းပေါက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကျပ်တည်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုများကြောင့် အခြားနိုင်ငံများနှင့် အခြားဒေသများသို့ အလုပ်သွားရောက်လုပ်ကိုင်မည်ဆိုပါက သေချာစွာ စစ်ဆေးစုံစမ်းပြီးမှသာ သွားသင့်ကြောင်း ၎င်းက အကြံပြုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က “ဝ” တပ်မတော် (UWSA) သည် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) နှင့် ဆက်စပ်သော တရုတ်နိုင်ငံသား ၃၀ ကျော်ကို တရုတ်နိုင်ငံထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဝပြည် တရားစီရင်ရေးကော်မတီ (WSP) က ထုတ်ပြန်ခဲ့သေးသည်။