အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအနေဖြင့် ၎င်း၏ “နျူကလီးယားနှင့် ဒုံးကျည် များ” ကို နိုင်ငံတော်ပိုင်အဖိုးတန်ပစ္စည်းများအဖြစ် ကာကွယ်သွားမည်ဖြစ်ကြောင်း အီရန် အဆင့်မြင့်ဆုံးခေါင်းဆောင် အယာတိုလာ မော်တာဘာ ခါမေနီက ဧပြီ ၃၀ ရက်နေ့တွင် ပြောကြား သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန် အပေါ်ဖိအားပေးနေချိန်တွင် ယခုပြောကြားချက်သည် အီရန်ဘက်မှ တင်းမာသောရပ်တည်ချက်ကို ပြသလိုက်ခြင်းဖြစ်သည်။
စစ်ပွဲအစပိုင်း လေကြောင်းတိုက်ခိုက်မှုများအတွင်း ၎င်း၏ဖခင်ဖြစ်သူ သတ်ဖြတ်ခံရပြီးနောက် နိုင်ငံ၏ အဆင့်မြင့်ဆုံးခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်း လူအများရှေ့တွင် ထွက်ပေါ်လာခြင်းမရှိသေးသော ခါမေနီ၏ ကြေညာချက်ကို နိုင်ငံပိုင်ရုပ်သံတင်ဆက်သူက ဖတ်ကြားခဲ့ရာတွင် ပါရှန်းပင်လယ်ကွေ့၌ အမေရိကန်များအတွက် တစ်ခုတည်းသော နေရာမှာ “ပင်လယ်ကြမ်းပြင်” သာဖြစ်ကြောင်းနှင့် ဒေသတွင်းသမိုင်းတွင် “စာမျက်နှာသစ်” တစ်ခုကို ရေးထိုးနေပြီဖြစ်ကြောင်း ပါရှိသည်။
အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုကြောင့် အီရန်၏ ရေနံတင်သင်္ဘောများ ပင်လယ်ပြင်သို့ မထွက်နိုင်ဘဲ အီရန်၏ ရေနံလုပ်ငန်း အကြပ်အတည်းဆိုက်နေချိန်တွင် ယခုမှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် ဟော်မုဇ် ရေလက်ကြားကို အီရန်က ထိန်းချုပ်ထားသဖြင့် ကမ္ဘာ့စီးပွားရေးမှာလည်း ဖိအားအောက်သို့ ရောက်ရှိနေသလို ဧပြီ ၃၀ ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်း (Brent crude) မှာ တစ်စည်လျှင် ၁၂၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။
ရေနံထောက်ပံ့မှုနှင့် ဈေးနှုန်းများအပေါ် ရိုက်ခတ်မှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်သစ်ကို တင်ပြနေသည့် သမ္မတထရန့်အပေါ် ဖိအားများ သက်ရောက်လျက်ရှိသည်။
အစိုးရအဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ ထိုအစီအစဉ်တွင် အမေရိကန်သည် အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ပြီး၊ အီရန်၏ စွမ်းအင်စီးဆင်းမှုအပေါ် နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို ဟန့်တားနိုင်ရန် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
အီရန်အနေဖြင့် ရေလမ်းကြောင်းအပေါ် ထိန်းချုပ်ထားမှုကို ရပ်တန့်စေရန်အတွက် ထရန့်သည် သံတမန်ရေးရာနှင့် မူဝါဒဆိုင်ရာ နည်းလမ်းပေါင်းစုံကို စဉ်းစားနေကြောင်း အမည်မဖော်လိုသော အဆိုပါအရာရှိက ပြောကြားခဲ့သည်။
The Wall Street Journal က ပထမဆုံးဖော်ပြခဲ့သည့် အဆိုပါ အဆိုပြုချက်သစ်မှာ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အခြားနိုင်ငံများ၏ အကူအညီရရှိရန် ထရန့်၏ နောက်ဆုံးကြိုးပမ်းမှုလည်း ဖြစ်သည်။
အီရန်ရှိ ပါရှန်းပင်လယ်ကွေ့နေ့ အခမ်းအနားတွင် ပြောကြားခဲ့သော ခါမေနီ၏ မိန့်ခွန်းသည် နျူကလီးယားကိစ္စနှင့် အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကို မည်သည့်အရာနှင့်မျှ လဲလှယ်သွားမည်မဟုတ်ကြောင်း ဖော်ပြနေသည်။
“နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပမှာရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ အီရန်နိုင်ငံသား သန်း ၉၀ ဟာ နာနိုနည်းပညာ၊ ဇီဝနည်းပညာကနေ နူကလီးယားနဲ့ ဒုံးကျည်စွမ်းဆောင်ရည်တွေအထိ အီရန်ရဲ့ ကိုယ်ပိုင်လက္ခဏာ၊ စိတ်ဓာတ်၊ လူသားအရင်းအမြစ်၊ သိပ္ပံ၊ စက်မှုနဲ့ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်အားလုံးကို အမျိုးသားပိုင်ပစ္စည်းတွေအဖြစ် သတ်မှတ်ပါတယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ ရေပိုင်နက်၊ မြေပိုင်နက်နဲ့ လေပိုင်နက်ကို ကာကွယ်သလိုပဲ ဒီစွမ်းဆောင်ရည်တွေကိုလည်း ကာကွယ်သွားမှာပါ” ဟု ခါမေနီက ပြောကြားခဲ့သည်။
ခါမေနီက အမေရိကန်ကို “မဟာစေတန်” (Great Satan) ဟု ရည်ညွှန်းခဲ့ပြီး၊ ၎င်းမှာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း အီရန်ခေါင်းဆောင်များက အမေရိကန်အပေါ် သုံးနှုန်းလေ့ရှိသော အသုံးအနှုန်းဖြစ်သည်။
ပါရှန်းပင်လယ်ကွေ့တွင် အမေရိကန်များ လုံးဝပတ်သက်စရာ အကြောင်းမရှိဟုလည်း ၎င်းက ဆိုခဲ့သည်။
“လောဘဇောနဲ့ မကောင်းတဲ့စိတ်ထားတွေနဲ့ ဒီနေရာကို ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးတဲ့အရပ်ကနေ လာကြတဲ့ နိုင်ငံခြားသားတွေအတွက် ဒီမှာ နေရာမရှိပါဘူး။ ပင်လယ်ရေအောက် ကလွဲလို့ပေါ့” ဟု ခါမေနီက ပြောကြားခဲ့သည်။
အသက် ၈၆ နှစ်အရွယ် ခေါင်းဆောင်ဟောင်း အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက် တိုက်ခိုက်မှုအတွင်း ၎င်း၏သားဖြစ်သူ ခါမေနီ လည်း ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများက ဆိုသည်။
ခါမေနီ၏ မိန့်ခွန်းများတွင် အီရန်နှင့် အိုမန်နိုင်ငံတို့၏ ရေပိုင်နက်အတွင်း တည်ရှိသော အဆိုပါ ရေလမ်းကြောင်းအပေါ် အီရန်က ဆက်လက်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြသခဲ့သည်။
အီရန်သည် ထိုရေလက်ကြားကို ဖြတ်သန်းသွားလာသည့် သင်္ဘောအချို့ထံမှ တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၂ သန်းစီ ကောက်ခံနေကြောင်း သတင်းများထွက်ပေါ်နေသည်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားခြင်းကြောင့် ပင်လယ်ကွေ့ဒေသကို ပိုမိုလုံခြုံစေမည်ဖြစ်ပြီး၊ “ဥပဒေကြောင်းအရ စည်းမျဉ်းများနှင့် စီမံခန့်ခွဲမှုအသစ်” များသည် ဒေသတွင်းနိုင်ငံအားလုံးအတွက် အကျိုးရှိစေမည်ဟု ၎င်းက ဆိုသည်။
သို့သော် ကမ္ဘာ့နိုင်ငံများကမူ ထိုရေလက်ကြားကို မည်သည့်ဖြတ်သန်းခမှ ပေးဆောင်ရန်မလိုဘဲ အားလုံးအတွက် ဖွင့်လှစ်ထားသည့် နိုင်ငံတကာရေလမ်းကြောင်းအဖြစ် သတ်မှတ်ထားကြသည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အပါအဝင် ပင်လယ်ကွေ့အာရပ်နိုင်ငံများကမူ အီရန်၏ ထိုသို့ထိန်းချုပ်မှုကို ပင်လယ်ဓားပြဆန်သော လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ကြသည်။
