နတ်တလင်းတွင် ပေါ်တာဆွဲ၊ စစ်မှုထမ်းကြေးကောက်သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး

ဓာတ်ပုံ - ပေးပို့
ပုံစာ - ပစ်ခတ်ခံရသည့် ရာအိမ်မှူး ဖိုးကျော်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်အုပ်စုဝင်များနှင့်အတူ ပေါ်တာဆွဲပြီး စစ်မှုထမ်းကြေးလည်း ကောက်သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

နတ်တလင်းမြို့နယ်၊ ရှားစီးဘိုရွာ အောက်စုမှ ရာအိမ်မှူးဖိုးကျော်သည် စစ်သားများ၊ ပျူစောထီးများနှင့်ပေါင်းကာ မြို့နယ်အတွင်း ပေါ်တာဆွဲခြင်းနှင့် စစ်မှုထမ်းကြေးကောက်ခံခြင်းများ ပြုလုပ်နေသူဖြစ်ပြီး စက်တင်ဘာ ၁၇ရက်၊ နံနက် ၉နာရီခန့်၌ ၎င်း၏နေအိမ်အတွင်းသို့ PDFတို့ ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း နေအိမ်အတွင်း ပစ်ခတ်စဉ် ဆိုင်ကယ်ဖြင့် ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ရာ လည်ပင်းကျည်ထိမှန်၍ နေအိမ်အနီး၌ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၇ Gold Brotherအဖွဲ့ထံက သိရသည်။

” သူ့မိန်းမက ဈေးဝယ်သွားတယ် ဆိုင်ကယ်နဲ့။ ဆိုင်ကယ်နဲ့သွားတဲ့အချိန်မှာ ကျနော့်ထဲက ကလေးတွေက ဝင်ဝိုင်းတော့ထွက်ပြေးတယ်။ ထွက်ပြေးတော့ လှမ်းပစ်လိုက်တော့ မရပ်ဘူး။ ၃ချက်ပစ်ပြီး မရပ်တော့ နောက်က ကလေးတစ်ယောက်က M4နဲ့ လှမ်းပစ်လိုက်တော့ လည်ပင်းဖြတ်မှန်တော့ အဲ့မှာလဲသွားတာ။ အိမ်နဲ့ အရမ်းမဝေးဘူး” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၇ Gold Brother တပ်ခွဲမှူး ရဲဘော်လှော်ကြီးက MPA သို့ပြောသည်။

ယင်းရာအိမ်မှူး၏ အလောင်းကို ပစ်ခတ်မှုဖြစ်ပြီး တစ်နာရီခန့်ကြာပြီးနောက် စစ်အုပ်စုဝင်များက လာသယ်သွားကြောင်း၎င်းထံမှ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

” သူက ရာအိမ်မှူးလုပ်တာ ၃နှစ်လောက်ရှိပြီ။ ၃နှစ်လောက်ရှိတဲ့နေရာမှာ ခုနောက်ပိုင်းကျ သူကဘယ်လိုဖြစ်နေလဲဆိုတော့ စစ်မှုထမ်းလည်းခေါ်တယ်။ ရွာထဲမှာလည်းပဲ အခွန်အခတွေက မတော်မတရားကောက်။ ပြည်သူတွေကလည်း သူ့ကို မြင်တာနဲ့ ကြောက်နေရတဲ့ အနေအထား တွေဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းရာအိမ်မှူးသည် လူငယ်များကို ပေါ်တာဆွဲပြီးနောက် ပိုက်ဆံ သိန်း ၇၀မှ သိန်း ၁၀၀အထိပေးမှ ပြန်လွှတ်ပေးကြောင်းသိရသည်။

ထို့ပြင် ရှားစီးဘိုရွာ၌လည်း စစ်မှုထမ်းကြေးဟုဆိုကာ တစ်လလျှင် တစ်အိမ် ကျပ်၃သောင်းမှ တစ်သိန်းအထိကောက်ခံကြောင်း သိရသည်။

” ရွာထဲအိမ်တွေဆိုရင် ပြေလည်တဲ့သူတွေဆိုရင် တစ်သိန်း၊ နည်းနည်းနွမ်းတဲ့သူတွေဆိုရင် ၇သောင်း ၅သောင်း၊ ၃သောင်း အဲ့လောက်‌ လေးစားလောက်ထိခွဲထားတယ်၊သူက” ဟု ၎င်းကပြောသည်။

ရှားစီးဘိုရွာသည် စစ်တပ်စိုးမိုးထားသည့် ‌နယ်မြေဖြစ်ပြီး နတ်တလင်းမြို့သို့ ဆိုင်ကယ်ဖြင့် သွားလျှင် မိနစ် ၄၀ခန့် ကြာကြောင်းသိရသည်။